ချိုးလင်းပြာအမျိုးသမီးစာစောင်
ချိုးလင်းပြာအမျိုးသမီးစာစောင်ကို အမျိုးသမီးတွေရဲ့ အသံတွေ ထင်ဟပ်ဖော်ပြပေးနိုင်မယ့် သီးသန့်နေရာဖန်တီးပေးဖို့ ရည်ရွယ်ပြီး မြန်မာ့အမျိုးသမီးသမဂ္ဂက ၁၉၉၈ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂကို နောက်ခံသမိုင်းကြောင်း မတူညီတဲ့ အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားပြီး တရားမျှတရေး၊ တန်းတူ ရေးနဲ့ ငြိမ်းချမ်းရေးကို အခြေခံပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်ဘဝ တည်ဆောက်ရာမှာ အမျိုးသမီးတွေ တက် တက်ကြွကြွ ပါဝင်လာစေဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒီလို ပါဝင်နိုင်ဖို့အတွက် မြန်မာ့လူ့အဖွဲ့ အစည်းအတွင်းမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကို အဟန့်အတားဖြစ်စေတဲ့ ကျား/မ ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ အလွန် အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်း ကျား/မ တန်းတူရေးကို နားလည်လက်ခံကျင့်သုံးလာစေဖို့၊ ဒီမိုကရေစီအစိုးရတရပ် ပေါ်ထွန်းလာရေးအတွက် အမျိုးသမီးရှုထောင့်ကနေ စဉ်ဆက်မပြတ် စစ်ဆေးအကြံပြုနိုင်ဖို့နဲ့ အမျိုးသမီးတွေရဲ့ နိုင်ငံရေးပါဝင်မှုအားကောင်စေဖို့အတွက် ချိုးလင်းပြာအမျိုးသမီးစာစောင်ကို မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ရေရှည်လုပ်ငန်းစဉ်တရပ်အနေနဲ့ ရည်ရွယ်ထုတ်ဝေခြင်းဖြစ်ပါတယ်။

အမျိုးသမီးအသံအတွက် သီးသန့်ဖန်တီးတဲ့နေရာဖြစ်တဲ့အလျောက် ချိုးလင်းပြာပုံနှိပ်စာစောင်၊ အွန်လိုင်းစာစောင်ပါ အ ကြောင်းအရာတွေအားလုံးဟာ အမျိုးသမီးရေးဆိုင်ရာ အကြောင်းအရာတွေဖြစ်ပြီး ကဏ္ဍအမျိုးမျိုးနဲ့ ဖော်ပြထားပါတယ်။ အထူးသဖြင့် အမျိုးသမီးထုအတွက် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုဆိုင်ရာ သတင်းအချက်အလက်တွေ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထောက်ခံတဲ့အနေနဲ့ သူမရဲ့ သဘောထားအမြင်နဲ့ ဆောင်ရွက်ချက်တွေ၊ စစ်အာဏာ ရှင်စနစ်အောက်မှာ ခွဲခြားဖိနှိပ်ခံရတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေအပါဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အခြေ အနေ၊ ကျား/မ တန်းတူရေးဆိုင်ရာ အမျိုးသမီး၊ အမျိုးသား ရှုထောင့်အတွေးအမြင်တွေ၊ နယ်ပယ်အသီးသီးက အမျိုးသမီး ခေါင်းဆောင်တွေရဲ့ အတွေ့အကြုံတွေ၊ နိုင်ငံရေးအခင်းအကျင်းတွေအပေါ် အမျိုးသမီးရှုထောင့်က သုံးသပ်မှုတွေနဲ့ အခြားလေ့လာအပ်တဲ့ နည်းပညာဆိုင်ရာ၊ အတွေးအခေါ်ပိုင်းဆိုင်ရာ ဗဟုသုတတွေကို ကဏ္ဍအလိုက် ချိုးလင်းပြာမှာ ထည့်သွင်းဖော်ပြပါတယ်။ ဒါတွေအပြင် လူမှုဘဝနယ်ပယ်မှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေရဲ့ ဖြစ်ရပ်မှန် ဆောင်းပါးတွေကိုလည်း ကာယကံရှင်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ရပ်မှန်အခြေခံဝတ္ထုတိုလေးတွေအဖြစ် အလျဉ်းသင့်သ လို ဖော်ပြပေးပါတယ်။
ချိုးလင်းပြာစာစောင်ကို နှစ်လတကြိမ် ပုံမှန် ပုံနှိပ်ထုတ်ဝေပြီး မြန်မာနိုင်ငံအပါအ၀င် ထိုင်း-မြန်မာနယ်စပ်၊ အိန္ဒိယ-မြန်မာ နယ်စပ်၊ တရုတ်-မြန်မာနယ်စပ်၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် စတဲ့ နယ်စပ်တလျှောက်မှာရှိတဲ့ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်း အလုပ်သမားတွေ၊ တသီးပုဂ္ဂလ မြန်မာစာဖတ်ပရိသတ်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေအပြင် လူထုအခြေပြုလူ့အဖွဲ့ အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာရောက် စာဖတ်ပရိသတ်တွေအပြင် ပြည်တွင်းကိုလည်း လက်လှမ်းမီသလောက် အခမဲ့ ဖြန့်ဝေပါတယ်။
အခု ချိုးလင်းပြာစာအုပ်တွေ ကျယ်ကျယ်ပြန့်ပြန့်မရောက်သေးတဲ့ နေရာဒေသက မြန်မာနိုင်ငံသူ၊ နိုင်ငံသား အွန်လိုင်း စာဖတ်ပရိသတ်တွေအတွက် ယခုချိုးလင်းပြာဝက်ဘ်ဆိုက်ကို ဖွင့်လှစ်တင်ဆက်ထားခြင်းဖြစ်ပါတယ်။