အမျိုးသမီးငယ်လေးတွေအနေနဲ့ သတ္တိရှိတဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ရှိဖို့
အရေးကြီးတယ်ဆိုတဲ့ မှိုင်းရာပြည့်မျိုးဆက် ဒေါ်လှမြိုင်နှင့်တွေ့ဆုံခြင်း
အိမ်ဦးခင်စီစဉ်သည်
အန်တီ့အကြောင်း အကျဉ်းချုပ် မိတ်ဆက်ပေးပါ။ ကျမဟာ ၁၉၅၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးလှဒင်နဲ့ မိခင်ဖြစ်သူ ဒေါ်နှင်းမြိုင်တို့မှ မွေးဖွားလာတဲ့ သားသမီး ၈ ဦးအနက် တတိယမြောက် သမီးဖြစ်ပါတယ်။
အန်တီလှမြိုင်ရဲ့ အစ်ကို ဆလိုင်းတင်မောင်ဦးနဲ့ အန်တီတို့ မိသားစု အကြောင်းကိုလည်း နည်းနည်းပြောပြပေးပါ။ ဗမာနာမည်တွေ ဖြစ်နေလို့ သိချင်တာက ချင်းလူမျိုးစစ်စစ်ပဲလား။
အစ်ကိုဖြစ်သူ ဆလိုင်း ကိုတင်မောင်ဦးဟာ ကျွန်းဆွယ်အရေးအခင်း၊ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကျဆုံးပြီး၊ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ် ရရှိဖို့အတွက် ပြည်သူလူထုတွေရဲ့ ဆန္ဒကို ဦးဆောင် ဖော်ထုတ်ခဲ့တာကြောင့် စစ်အာဏာပိုင်တွေက သူ့ကို ဖမ်းဝရမ်းထုတ်ခဲ့တယ်။ ၀ရမ်းထုတ်ထားတဲ့ ကြားထဲက ဆလိုင်း ကိုတင်မောင်ဦးဟာ နောက်မဆုတ်ဘဲ ဆက်လက်ကြိုးစားခဲ့တယ်၊ မှိုင်းရာပြည့် အရေးအခင်းအတွက် အခြားကျောင်းသားများနဲ့ အတူ ကြိုတင်ပြင်ဆင်နေချိန် ၁၉၇၆ ခု၊ မတ်လ ၂၂- ရက်နေ့မှာ သူ့ကို စစ်ထောက်လှမ်းရေးတွေက လက်ရဖမ်းဆီးခဲ့တယ်။
၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ စစ်အာဏာပိုင်တွေရဲ့ လက်ပါးစေတွေဟာ မိသားစု ညီအစ်ကို မောင်နှမတွေကိုတောင် အသိမပေးပဲ လျှို့ဝှက်ကြိုးပေးသတ်ခဲ့တယ်။ အဲဒီနေ့က အင်းစိန်ထောင်တွင်းမှာ တာဝန်ကျတဲ့ ထောင်ဝါဒါတစ်ဦးရဲ့ မျက်မြင်ပြောပြချက်နဲ့၊ အဲဒီအချိန်က အင်းစိန်ထောင်တွင်းမှာ ဖမ်းဆီးခံထားခဲ့ရတဲ့ ကျောင်းသားတွေရဲ့ ကြားသိရတာတွေ ပြောပြချက်အရ ကိုတင်မောင်ဦးဟာ နောက်ဆုံး အချိန်ပိုင်းအထိ စစ်အာဏာပိုင်တွေရဲ့ လက်ပါးစေတွေကို သတ္တိပြောင်စွာ ပြန်ချရင်းနဲ့ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး။ မင်းတို့နဲ့ ငါ့ရဲ့ ခန္ဓာကို သတ်လို့ ရပေမယ့် ငါ့ရဲ့ ခံယူချက်နဲ့ စိတ်ဓါတ်ကို ဘယ်တော့မှ သတ်လို့မရဘူး။" ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ရဲဝံ့စွာ ရင်ဆိုင်သွားခဲ့တယ်။
ဆလိုင်းတင်မောင်ဦးရဲ့ မိဘနှစ်ပါးကိုလည်း ထောင်ငါးနှစ်စီ ချခဲ့တယ်။ ကျမကိုလည်း ကိုတင်မောင်ဦးမပါဝင်လိုက်ရတဲ့ သခင်ကိုယ်တော်မှိုင်း အရေးအခင်းမှာ ပါဝင်ခဲ့မှုကြောင့် ထောင် ၉ နှစ် ချခဲ့တယ်။ အခြားမောင်နှမ နှစ်ယောက်ကိုလည်း ဖမ်းပြီး ထောင် ၇ နှစ် ချခဲ့တယ်။ မိဘနှစ်ပါးကိုပါ အကြောင်းမဲ့ ဖမ်းဆီးပြီး ထောင်ချခဲ့တာကြောင့်၊ အပြင်မှာ အသက် ၅ နှစ်မှ ၁၁ နှစ်အတွင်း ရှိကြတဲ့ မောင်ငယ်၊ ညီမငယ်လေး လေးဦးဟာ ဒုက္ခအခက်အခဲ များစွာနဲ့ ရင်ဆိုင်ခဲ့ကြရတယ်၊ ၁၉၈၈- ခုနှစ် လူထု ဆန္ဒပြပွဲကို အာဏာရှင်တွေ အကြမ်းဖက် အနိုင်ယူပြီးနောက် ကျမတို့ မိသားစုဟာ စစ်အာဏာရှင်တွေနဲ့ ဝေးရာ ကနေဒါနိုင်ငံမှာ နေထိုင်လျက် ရှိပါတယ်။
ကျမဟာ ချင်းလူမျိုး အစစ်ဖြစ်ပါတယ်။ အဖေနဲ့ အမေဟာ ရခိုင်ပြည်နယ်- သံတွဲ၊ တောင်ကုတ်၊ မြေပုံဘက်မှာ နေထိုင်ကြတဲ့ မြေပြန့် အရှိုချင်းလူမျိုး ဖြစ်တယ်။ အချို့ အရှိုချင်းတွေဟာ ပြည်ခရိုင်၊ သရက်ခရိုင်တို့မှာလည်း နေထိုင်ကြတယ်။ အဖေနဲ့ အမေ အိမ်ထောင်ကျပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန်ကို ပြောင်းရွှေ့လာခဲ့ပြီး၊ ကျမတို့ မောင်နှမတွေကတော့ ရန်ကုန်တိုင်း၊ သမိုင်းမြို့နယ်မှာ မွေးတာကြောင့် ကျောင်းတက်တဲ့အခါ မိဘက ဗမာနာမည်တွေပဲ မှည့်ပေးခဲ့တယ်။ အရှိုချင်းလူမျိုးတွေဟာ မြေပြန့်ချင်း ဖြစ်တာကြောင့် ဗမာနံမည်တွေ မှည့်တာ များကြတယ်။
ဘယ်အချိန်ကစပြီး နိုင်ငံရေး စိတ်ဓါတ်တွေ နိုးကြားလာတယ်လို့ ပြောလို့ရမလဲ။
မိဘတွေဟာ စားဝတ်နေရးအတွက် နှစ်ဦးစလုံး ရုန်းကန်ရတာကြောင့်၊ ကျောင်းအားတဲ့ အချိန်မှာ မိဘများကို အိမ်မှုတာဝန်များ ကူညီကာ မောင်ငယ်၊ ညီမငယ်လေးများကို ထိန်းသိမ်း စောင့်ရှောက်ရင်းနဲ့ အခြေခံပညာ အထက်တန်းအဆင့်ကို ရောက်ရှိလာခဲ့တယ်။ အဲဒီအချိန်မှာ ကျမရဲ့ အစ်ကိုအကြီးဆုံးဖြစ်သူ ဆလိုင်း ကိုတင်မောင်ဦးဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ရပ်ဆိုင်းပြီး၊ ဒီမိုကရေစီ စနစ် ပေါ်ထွန်းရေးအတွက် လူထု ဆန္ဒပြပွဲတွေကို ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေနဲ့အတူ ဦးဆောင် ကြိုးစားခဲ့တာကြောင့် ၁၉၇၆ ခုနှစ်၊ မတ်လ ၂၂-ရက်နေ့မှာ ဖမ်းခံခဲ့ရတယ်။ မိဘနှစ်ပါးကိုလည်း ဖမ်းဆီးသွားခဲ့တယ်။ အဲဒီအချိန်မှာ ကျမဟာ ဖြေဆိုနေဆဲ အခြေခံပညာ အထက်တန်း စာမေးပွဲကို ထားခဲ့ပြီး၊ ကျမရဲ့ အစ်ကိုကြီးဖြစ်သူ ဆလိုင်း ကိုတင်မောင်ဦး မပါဝင်နိုင်ခဲ့တဲ့ မှိုင်းရာပြည့် အရေးအခင်း၊ လူထုဆန္ဒပြပွဲမှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဆုံးဖြတ်ခဲ့တဲ့အတိုင်းဘဲ မှိုင်းရာပြည့် အရေးအခင်းမှာ မောင်ဖြစ်သူ တစ်ယောက်နဲ့အတူ တက်ကြွစွာ ပါဝင်ခဲ့တာကြောင့် ထောင် ၉ နှစ် ပြစ်ဒဏ် ချခံခဲ့ရတယ်။ ကျမရဲ့ စိတ်ဓါတ်တွေဟာ ထောင်ထဲ ရောက်တဲ့အချိန်မှာ ပိုပြီး နိုးကြားလာခဲ့တယ်။ မိမိ ထောင်ထဲမှာ ပေးဆပ်ခဲ့တဲ့ အချိန်ကာလအတွက် ဘယ်တော့မှ နောင်တမရခဲ့ပါဘူး။ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်မှုအတွက် မိမိတတ်နိုင်တဲ့ နေရာကနေ အုတ်တချပ်၊ သဲတစ်ပွင့် ပမာ ပါဝင်ခဲ့ရလို့ ဂုဏ်ယူမိတယ်။ ထောင်ထဲမှာ၊ သံတိုင်တွေကြားမှာ ရက်ပေါင်းများစွာ နေခဲ့ရတဲ့ အချိန်မှာ အခြားအကျဉ်းသူ အမျိုးသမီးတွေရဲ့ ဘ၀တွေကို လက်တွေ့ အနီးကပ်လေ့လာခွင့် ရခဲ့တယ်။ ထောင်ထဲမှာ အမိနိုင်ငံ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ဖို့အတွက် မိမိအသက်၊ မိမိဘ၀၊ မိမိအချိန်တွေ ပေးဆပ်သွားခဲ့ကြတဲ့ အခြားကျောင်းသား ရဲဘော်တွေအတွက်လည်း ဂုဏ်ယူမိတယ်။ စစ်အာဏာရှင်ကိုလည်း ပိုမိုနာကျည်း မုန်းတီးလာခဲ့သလို၊ နိုင်ငံရေး စိတ်ဓါတ်တွေ ပိုမိုနိုးကြားလာခဲ့တယ်လို့ ပြောချင်ပါတယ်။
ကျောင်းသူ တစ်ဦးအနေနဲ့ စပြီး နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်လာရတဲ့ ရည်ရွယ်ချက်နဲ့ ခံယူချက်ကို ပြောပြပေးပါ။ ကျမအနေနဲ့ နိုင်ငံရေး လှုပ်ရှားမှုထဲ ပါဝင်လာရတဲ့ အဓိက ရည်ရွယ်ချက်နဲ့ ခံယူချက်ကတော့ ပြည်သူလူထုကို အမြဲတမ်း လက်နက်နဲ့ အနိုင်ကျင့် ဘိုကျ အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေကြောင့်ဘဲ ဖြစ်ပါတယ်။ ကျမရဲ့ အစ်ကိုကြီး ဖြစ်သူ ဆလိုင်း တင်မောင်ဦးဟာ ငယ်စဉ်ကတည်းက မဟုတ်မခံ၊ မတရားတာကို မမြင်ချင်တဲ့စိတ် ရှိခဲ့တယ်။ သူဟာ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ စာအုပ်တွေ၊ နာမည်ကြီး တော်လှန်ရေးသမားတွေရဲ့ စာအုပ်တွေကို အမြဲဖတ်ခဲ့တယ်။ တစ်ခါတစ်ရံ အိမ်မှာ ဒီစာအုပ်တွေ တွေ့ရတာကြောင့် ကျမလည်း ဖတ်ဖြစ်ခဲ့တယ်။ အစ်ကိုကြီးဟာ သူ့ရဲ့ အတွေးအခေါ်တွေ၊ ခံယူချက်တွေကို မောင်နှမတွေကို အမြဲတမ်း ပြောပြခဲ့တယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ပြည်သူလူထုတွေရဲ့ အခွင့်အရေးတောင်းဆို ဆန္ဒပြမှုတွေကို သွေးထွက်သံယိုမှုတွေနဲ့ အမြဲတမ်း ဖြိုခွင်းခဲ့တာတွေ၊ ဆင်းရဲပြီး ဒုက္ခရောက်တဲ့ ပြည်သူလူထုတွေ၊ လူတန်းစား ကွာဟနေမှုတွေ၊ ဒီစစ်အာဏာရှင်ရဲ့ တရားဥပဒေမဲ့ အနိုင်ကျင့် အုပ်ချုပ်မှုအောက်မှာ ကျမမွေးဖွားဖြတ်သန်းလာခဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ ကျမရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်ကတော့ စစ်အာဏာရှင် စနစ်ဆိုး လုံးဝရပ်ဆိုင်းပြီး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူသားတစ်ယောက် ရရှိထိုက်တဲ့ လူ့အခွင့်အရေး လူတိုင်းရရှိခံစားနိုင်ဖို့၊ အာဏာဟာ ပြည်သူလက်ထဲမှာရှိပြီး၊ နိုင်ငံရဲ့ ခေါင်းဆောင်ကို ပြည်သူဟာ လွတ်လပ် တရားမျှတစွာ ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်။
ပါဝင်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှု အတွေ့အကြုံတွေထဲက အမြဲ အမှတ်ရစေမယ့် အတွေ့အကြုံ အချို့ကို မျှဝေပေးပါ။
ပါဝင်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေထဲမှာ အမြဲတမ်း အမှတ်ရစေမယ့် အတွေ့အကြုံ တချို့ကတော့ အရေးအခင်းတိုင်းမှာ ပြည်သူတွေဟာ အမြဲတမ်း ကျောင်းသားတွေနဲ့ အတူ လက်တွဲခဲ့တယ်။ ပါဝင်အားပေးခဲ့ကြတယ်။ သူတို့ တတ်နိုင်သမျှကို အကူအညီ ပေးကြတယ်။ သူတို့မှာ ပါလာသမျှငွေ၊ ခန္ဓာကိုယ်မှာ ၀တ်ထားတဲ့ လက်ကောက်၊ ဆွဲကြိုး၊ နားကပ်လေးကို ချွတ်လှူကြတယ်၊ အလှူထည့်ကြတယ်၊ တချို့လည်း အစားအသောက်တွေ လာပို့ကြတယ်၊ မတ်လ ၂၃ ရက် မှိုင်းရာပြည့် အရေးအခင်းမှာ ကျောင်းသား ပြည်သူတွေ ကန်တော်မင် ပန်းခြံမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ဂါရ၀ပြုပြီး အပြန်မှာ သားပျောက်လို့ ရှာနေတဲ့ မိခင် တစ်ဦးဟာ ဦးသန့်အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ သားဟာ ဒီနေ့ထက်ထိ ဘယ်မှာမှ စုံစမ်းလို့ မရဘူး၊ အိမ်ကိုလည်း ပြန်မလာဘူး၊ သားတို့ သမီးတို့ စုံစမ်းပေးကြပါဆိုတဲ့ မိခင်တစ်ဦးရဲ့ ငိုယိုပြောဆို တောင်းခံနေတဲ့ မြင်ကွင်းနဲ့ အသံကိုတော့ ကျမ အမြဲ သတိရနေမှာပါ၊ ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီကို မပေးဘဲ၊ ပြည်သူတွေရဲ့ ဆန္ဒကို လျစ်လျူရှုပြီး၊ အမြဲတမ်း သွေးထွက်သံယိုမှုတွေ၊ ဖမ်းဆီးမှုတွေနဲ့ အနိုင်ယူလေ့ရှိတဲ့ စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်တွေဟာ ကျမသာမက၊ ပြည်သူတွေအားလုံးအတွက် အမြဲတမ်း အမှတ်ရနေစေမှာ ဖြစ်ပါတယ်။
မှိုင်းရာပြည့် အရေးအခင်းက စလို့ အန်တီပါဝင်ခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှု သက်တမ်း တလျှောက် အမျိုးသမီးတွေရဲ့ နိုင်ငံရေး နိုးကြား တက်ကြွမှုအပေါ် ဘယ်လို မြင်ပါသလဲ။
ဦးသန့် အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်း၊ ၈၈- အရေးအခင်း မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ အရေးအခင်းတွေ အားလုံးမှာ အမျိုးသမီးတွေရဲ့ နိုင်ငံရေး တက်ကြွမှုဟာ တကယ် အားရဖို့ ကောင်းပါတယ်။ လက်နက်အားကိုးနဲ့ ပြည်သူကို အနိုင်ကျင့်တဲ့ စစ်အာဏာရှင်ကို တွန်းလှန်တဲ့နေရာမှာ တိုင်းပြည်ကို ချစ်မြတ်နိုးတဲ့ အမျိုးသားတွေနဲ့အတူ မိမိအသက်ကို ပဓာနမထားပဲ ရှေ့တန်းကနေ အတူတကွ ဆန္ဒပြခဲ့ကြတယ်။ မိမိတတ်နိုင်တဲ့ နေရာကနေ အမြဲတမ်း နိုးကြား တက်ကြွခဲ့ကြတယ်။ ၈၈- အရေးအခင်းမှာ ကျမ မျက်စိရှေ့မှာ ဖြစ်ခဲ့တဲ့ အဖြစ်တစ်ခုဟာ ကိုယ့်မျက်စိတောင် ကိုယ်မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်။ လှည်းတန်းနားမှာ စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်တဲ့နေ့ တစ်နေ့မှာ အထက်တန်း ကျောင်းသူလေး တစ်ဦးကို သေနတ် ထိမှန်ခဲ့တယ်။ အခြား ကျောင်းသူလေး တစ်ဦးက အသေခံပြီး ၀င်ဆွဲခဲ့တယ်။ ရက်စက်တဲ့ လက်မရွံ့စစ်သားတွေဟာ သတ္တိရှိလှတဲ့ ဒီကျောင်းသူလေးကိုပါ ထပ်ပစ်တယ်။ ဒီအဖြစ်အပျက်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရတဲ့ ကျမဟာ ဘာပြောလို့ ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူး။ အဖြူနဲ့ အစိမ်းကို ၀တ်ဆင်ထားတာကြောင့် အထက်တန်း ကျောင်းသူလေးတွေဆိုတာ သိနိုင်ခဲ့တယ်။ ပြောချင်တာကတော့ နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ အမျိုးသမီးတွေဟာ တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်မှုအတွက်၊ လူ့အခွင့်အရေး ရရှိဖို့အတွက်၊ ဒီမိုကရေစီ ရရှိဖို့အတွက် စွန့်လွှတ်အနစ်နာခံပြီး နိုင်ငံရေး နိုးကြား တက်ကြွသူတွေ ဖြစ်ကြပါတယ်။
ထောင်ကျခံခဲ့ရဖူးတယ်လို့ သိရပါတယ်။ ထောင်ကျရတဲ့ အကြောင်းအရင်းနဲ့ အဲဒီအချိန် အမျိုးသမီးငယ် တစ်ဦးအနေနဲ့ ထောင်တွင်း အတွေ့အကြုံ တချို့ကို ဖလှယ်ပေးပါ။
၁၉၇၆ ခုနှစ် မတ်လ ၂၃ ရက် မှိုင်းရာပြည့် အရေးအခင်းမှာ တက်ကြွစွာ ပါဝင်ခဲ့တဲ့အတွက် ထောင် ၉ နှစ် ကျခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက နိုင်ငံရေး အကျဉ်းသား အပါအ၀င် အကျဉ်းသားတွေအားလုံးရဲ့ ထောင်တွင်း အခြေအနေဟာ မဆီလျော်အောင် နိမ့်ကျလွန်းလှတဲ့ အခြေအနေမျိုးမှာ ရှိခဲ့တယ်။ ဒီကနေ့ လက်ရှိ ထောင်တွင်း အခြေအနေဟာလည်း မထူးခြားပါဘူး။ ပိုပြီးတော့တောင် ဆိုးရင် ဆိုးနေပါလိမ့်မယ်။ ပြန်လည်သုံးသပ်ကြည့်ရင် လူ့အခွင့်အရေးကို တန်ဖိုး မထားတဲ့၊ လူ့အခွင့်အရေး မကျင့်သုံးတဲ့ မြန်မာနိုင်ငံမှာ ထောင်မပြောနဲ့၊ အပြင်လောကမှာ ရှိနေကြတဲ့ လူတွေမှာတောင် လူနေမှု အဆင့်အတန်းဟာ အလွန် နိမ့်ကျလှပါတယ်။
၁၉၇၆ ခုနှစ် ကာလ နိုင်ငံရေး အကျဉ်းသူတွေအပြင်၊ အခြားပုဒ်မတွေနဲ့ ထောင်ကျရှိနေခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကို ချိုးလင်းပြာ အမျိုးသမီး မဂ္ဂဇင်းမှ တဆင့် ဖလှယ်လိုက်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခြင်းခံရတဲ့ အမျိုးသမီးတွေအတွက် အင်းစိန်ထောင်တွင်းမှာ အလုံပိတ် သီးသန့် တိုက်ခန်းတွေ ရှိတယ်။ ပြူတင်းပေါက် တစ်ပေါက်ကနေ သစ်ပင်နဲ့ ကောင်းကင်ကလွဲလို့ ဘာမှ မမြင်မတွေ့နိုင်တဲ့ နေရာဖြစ်တယ်။ ထောင်ဗူးဝကနေ ၀င်လိုက်တာနဲ့ ပထမဦးဆုံး ရင်ဆိုင်ရတဲ့ အချက်ကတော့ ရေနဲ့ အစားအသောက် ဖြတ်ထားပြီး၊ နေ့ရောညပါ ဆက်တိုက် စစ်ဆေးမှု ခံရခြင်းပါပဲ။ စစ်ဆေးသူတွေဟာ အခြေအမြစ်မရှိတဲ့ မေးခွန်းတွေကို သူတို့ ကျေနပ်လောက်တဲ့အချိန်ထိ အချိန်အကန့်အသတ်မရှိ စစ်ဆေးကြတယ်။ သူတို့ ကျေနပ်လောက်တဲ့ အချိန်ကျမှ တိုက်ခန်းထဲ ပို့ပေးတယ်။ တိုက်ခန်းထဲကို ရောက်ရောက်ချင်းပဲ အခန်းရဲ့ ဒေါင့်တစ်နေရာမှာ ခဲတံလေးနဲ့ ခြစ်ပြီး ရေးထားတဲ့ စာကြောင်းလေး တစ်ကြောင်းက ကျမအတွက် အင်အားတွေ ဖြစ်စေခဲ့တယ်။ ဒီစာကြောင်းလေးကတော့ "ဒို့အလှည့်တော့ ပြီးသွားပြီ၊ မင်းအလှည့် ရောက်လာပြီ" ဆိုတဲ့ စာသားလေးပါပဲ။ ဒီအခန်းထဲမှာ ကျမလိုဘဲ အမှန်တရားအတွက် ပေးဆပ်သွားခဲ့တဲ့ မျိုးချစ် အမျိုးသမီးတွေ နေခဲ့တယ်။ ငါတစ်ယောက်တည်း မဟုတ်ဘူးဆိုတဲ့ စိတ်ဓါတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။ ထောင်အမှုထမ်း အမျိုးသမီးတစ်ယောက်ရဲ့ ပြောပြချက်အရ ဦးသန့် အရေးအခင်းမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူတွေကို ဒီအခန်းထဲမှာ ပိတ်ထားခဲ့ကြောင့် သိခဲ့ရတယ်။
တိုက်ပိတ်ထားခြင်း ခံရတာကြောင့် အ၀တ်တစ်စုံပဲ ရှိတယ်။ သုံးလကျော် တိုက်ပိတ်ထားခဲ့တဲ့ ကာလမှာ အမျိုးသမီးတစ်ဦးအနေနဲ့ အ၀တ်တစ်စုံထဲနဲ့ နေခဲ့ရတဲ့ ကာလဟာ၊ တကယ့်ကို ခက်ခဲတဲ့ ကာလဖြစ်ခဲ့တယ်။ တစ်ခါတစ်လေကျရင် အဲဒီ အ၀တ်တစ်စုံကို မလျှော်ရင် မဖြစ်တော့တဲ့ အခြေအနေကို ရောက်ရှိလာခဲ့တယ်။ ဒီအချိန်ကျရင် ထောင်အမှုထမ်း အမျိုးသမီးကို ဒီကနေ့ ရေချိုးရင် ၀တ်ထားတဲ့ အ၀တ်ကို လျှော်နိုင်ရန် ရေချိုး အချိန်ပိုပေးပါလို့ ပြောပြီး ၀တ်ထားတဲ့ အ၀တ်ကို လျှော်ရတယ်။ ဒီအ၀တ်တစ်စုံ ခြောက်တဲ့အချိန်ထိ စောင်ပတ်နေရတယ်၊ ဆံပင်က ခါးကျော်အောင် ရှည်နေတာကြောင့် ခေါင်းဖီးစရာ ဘီးမရှိတာရယ်၊ ခေါင်းလျှော်ဖို့ ဆပ်ပြာ မရှိတာရယ်ကြောင့် တစ်ခေါင်းလုံး သန်းတွေ ပြည့်နှက်နေခဲ့တယ်။ ကုတင်ပေါ်မှာလည်း ကြမ်းပိုးတွေ ပြည့်နှက်နေတယ်၊ တစ်နေ့လုံး အိပ်ထားတာကြောင့် အိပ်မပျော်တဲ့ ညတွေမှာ ခေါင်းပေါ်က သန်းတွေနဲ့ ကုတင်မှာရှိတဲ့ ကြမ်းပိုးတွေကို လက်နဲ့ ရှင်းရင်းနဲ့ သုံးလဆိုတဲ့ အချိန်အတိုင်းအတာကို ကျော်ဖြတ်လာခဲ့တယ်။
ကျောချင်းကပ်နေတဲ့ အခြားအခန်းတွေမှာလည်း တက္ကသိုလ်ကျောင်းသူ နှစ်ဦးကို ပိတ်ထားကြောင်း သိခဲ့ရတယ်၊ တစ်နေ့မှာ အခန်းတံခါးကို လာဖွင့်ပြီး အမေနဲ့ နှစ်ယောက် သာယာဝတီထောင်ကို ပြောင်းရွှေ့ခြင်း ခံခဲ့ရတယ်၊ နောက်ပိုင်းမှာ အခြားကျောင်းသားများ ပြောပြချက်အရ အစ်ကိုဖြစ်သူ ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးကို ကြိုးပေးမှာ ဖြစ်တာကြောင့် မိသားစုများကို ထောင်တွေ ပြောင်းရွှေ့ခဲ့ကြောင်း သိခဲ့ရတယ်။
အင်းစိန်ထောင်တွင်းမှာ ရှိတဲ့ စစ်ခုံရုံးမှာ ထောင် ၉- နှစ်ချခြင်းခံရပြီးနောက် လွတ်မြောက်တဲ့အချိန်ထိ အမေနဲ့ နှစ်ယောက် သာယာဝတီထောင်မှာ နေခဲ့ရတယ်။ သာယာဝတီထောင်ကို ရောက်တဲ့အခါ ထောင်မှူး၊ ထောင်ပိုင်တွေက အမေနဲ့ နှစ်ယောက်ကို ထောင်ဝါဒါတွေရဲ့ လက်ကိုင်ဒုတ်ဖြစ်တဲ့ တန်းစီးအလုပ်လုပ်ဖို့ တာဝန်ပေးတယ်။ အမေနဲ့ နှစ်ယောက် ငြင်းဆိုခဲ့ပြီးတဲ့နောက် အမေက ထောင်ထဲမှာရှိတဲ့ အကျဉ်းသူတွေရဲ့ ကျန်းမာရေးအတွက် ထောင်ဆရာဝန်ကို ကူညီခဲ့တယ်။ အမေဟာ သားဖွားဆရာမ တစ်ဦး ဖြစ်တာကြောင့် အကျဉ်းကျ အမျိုးသမီးတွေကို ကလေးမွေးဖွားပေးခဲ့တယ်၊ ကျမကတော့ အကျဉ်းကျမိခင်တွေနဲ့ အတူ ပါလာကြတဲ့ အပြစ်မဲ့တဲ့ ၅ နှစ်အောက် ကလေးတွေကို ရေးတတ်၊ ဖတ်တတ်တဲ့အထိ စာသင်ပေးခဲ့တယ်၊ အစ်ကိုဖြစ်သူ ကိုတင်မောင်ဦးရဲ့ နိုင်ငံရေး လှုပ်ရှားမှုကို အကြောင်းပြပြီး ကျမရဲ့ မိဘနှစ်ပါးစလုံးကို ဖမ်းဆီးထားတာကြောင့် အပြင်မှာ ကျန်ခဲ့တဲ့ လူမမယ် မောင်ငယ်၊ ညီမငယ်လေးတွေ နေရာမှာ အကျဉ်းကျ မိခင်တွေနဲ့ ပါလာပြီး ထောင်တွင်းမှာ ဒုက္ခ ဝေဒနာတွေ ခံစားနေရတဲ့ အပြစ်မဲ့တဲ့ ကလေးတွေကို စာရေး၊ စာဖတ် တတ်ရုံတင်မကဘဲ သီချင်းလေးတွေ၊ ကဗျာလေးတွေကိုလည်း သင်ပေးရင်းနဲ့ ၅- နှစ်နီးပါး အချိန်ကို ကုန်လွန်စေခဲ့တယ်။ သားသမီးချင်း စာနာတတ်တဲ့ ထောင်ပိုင်လေး တစ်ဦးက ကလေးတွေအတွက် ကျောက်သင်ပုန်းနဲ့ ဖတ်စာအုပ်ကလေးတွေ အကူအညီပေးခဲ့တယ်။ လူ့အခွင့်အရေးကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ အပြစ်ကင်းစင်တဲ့ ကလေးတွေဟာ မိခင်နဲ့အတူ ထောင်ဒဏ် ကျခံရတယ်ဆိုတာ ထုံးစံ မရှိပါဘူး။ ကလေးတွေကို လိုလေသေးမရှိ စောင့်ရှောက်တဲ့ နေရာတွေ ရှိတယ်၊ ကလေးအကြီးက ကလေးအငယ်ကို ထိန်းခွင့် မရှိပါဘူး၊ ကလေးထိန်း ငှားနိုင်ရန် အစိုးရက မိဘကို ငွေထောက်ပံ့တာကြောင့် မိဘတွေဟာ အလုပ်ကို စိတ်ချက်လက်ချ သွားနိုင်ကြတယ်၊ စစ်အာဏာရှင် လက်အောက်က အဖြစ်အပျက်တွေဟာ လူမဆန်တဲ့ အဖြစ်အပျက်တွေပါ။
တချို့ ထောင်ဝါဒ အမျိုးသမီးတွေဟာ ထောင်ကျ အမျိုးသမီးတွေကို တရားမရှိ အနိုင်ကျင့်တတ်ကြတယ်၊ သာယာဝတီထောင်မှာ ကျမ အကျဉ်းကျနေတဲ့ ကာလမှာ ထောင်ဝါဒါ အမျိုးသမီးတစ်ယောက်က ထောင်ကျအမျိုးသမီး တစ်ယောက်ကို အကြောင်းမဲ့ အနိုင်ကျင့်တာကို ၀င်ပြောလို့ တိုက်တစ်ရက် အပိတ်ခံခဲ့ရတယ်၊ နောက်တစ်ရက်မှာ အဖြစ်မှန်ကို သိတဲ့ ထောင်ပိုင်လေးက တိုက်ပိတ်ရာမှ ပြန်လွှတ်ပေးခဲ့တယ်။ နောက်ပိုင်းမှာတော့ သာယာဝတီထောင်တွင်းမှာ ကျမနေခဲ့ရတဲ့ ကာလမှာအ မှန်ကို ၀င်ပြော ရပ်တည်တတ်တဲ့ ကျမကြောင့် ထောင်အမှုထမ်း အမျိုးသမီးတွေဟာ အကြောင်းမဲ့ အနိုင်ကျင့်တာတွေ မတွေ့ခဲ့ရတော့ပါဘူး။
၅- နှစ်နီးပါး ထောင်တွင်းမှာ နေခဲ့ရတဲ့ ကာလမှာ အမျိုးသမီး အကျဉ်းသူတွေရဲ့ သနားစရာ၊ ရင်နာစရာ အဖြစ်အပျက်တွေလည်း ကြုံတွေ့ခဲ့ရတယ်။ အများစုဟာ စစ်အာဏာရှင် လက်အောက်မှာ စားဝတ်နေရေး ခက်ခဲလွန်းတာကြောင့် မဖြစ်လောက်တဲ့ ပြစ်မှုတွေနဲ့ ထောင်ကျနေကြတာ များတယ်၊ တချို့က ဆန်ကို နယ်ကျော်ပြီး ရောင်းတယ်ဆိုပြီး ထောင်ထဲရောက်လာသလို၊ တချို့လည်း အကြံမရတော့တဲ့အဆုံး ဆေးခြောက်ရောင်းလို့ ထောင်ထဲရောက်ရတယ်၊ တချို့လည်း ငွေလိမ်လည်လို့ ရောက်ရတယ်၊ သာယာဝတီထောင်တွင်းမှာ သနားစရာ၊ ကြေကွဲစရာ အမျိုးသမီးတွေရဲ့ အဖြစ်တွေကို မရေမတွက်နိုင်အောင် တွေ့ခဲ့ရတယ်။ အဲဒီအဖြစ်အပျက်တွေထဲမှာ မမေ့နိုင်တဲ့ အဖြစ်တစ်ခုကတော့ အသက် ၂၈-နှစ်မျှသာ ရှိသေးတဲ့ မအေးမြင့်ဆိုတဲ့ ဆေးခြောက် ရောင်းဝယ်မှုနဲ့ ထောင် ၅- နှစ်ကျနေတဲ့ အမျိုးသမီးလေး တစ်ယောက်ရဲ့ အဖြစ်ကလေးတစ်ခုပါ၊ ယောက်ျားသေဆုံးပြီးနောက် ကလေးသုံးယောက် စားဝတ်နေရေးအတွက် ကြံရာမရ ရုန်းကန်ခဲ့ရတယ်။ ဒီအမျိုးသမီးဟာ သူ့ရဲ့ ကလေးများနဲ့ အမြန် ပြန်တွေ့နိုင်ရန် ထောင်ထဲမှာ မိန်လာကိုင်ရင် ဆုမှတ်ရက် ပိုရတယ်ဆိုပြီး မိန်လာအလုပ်လုပ်တယ်၊ အဆင့်အတန်း နိမ့်ကျလွန်းတဲ့ ဒီ သာယာဝတီထောင်ရဲ့ မိန်းမဆောင်မှာ လက်အိတ်မရှိတာကြောင့် ပလပ်စတစ်အိတ်အဟောင်းတွေ ၀တ်ပြီး မိန်လာသန့်ရှင်းရေးလုပ်တယ်၊ ကြာတော့ သွေးဝမ်းကိုက် ရောဂါဖြစ်လာတယ်၊ မျှော်လင့်ချက်တွေ အပြည့်နဲ့ လွတ်မယ့်ရက်ကို စောင့်နေတဲ့ အမျိုးသမီးဟာ ထောင်ကနေ သေထွက် ထွက်သွားခဲ့ရတယ်၊ ထောင်ထဲမှာ မသေသင့်ပဲ သေသွားခဲ့ရတယ်၊ စစ်အာဏာရှင် လက်အောက် ထောင်တွင်း၊ ထောင်ပြင်မှာ ရှိတဲ့ မြန်မာနိုင်ငံမှ အမျိုးသမီးတွေရဲ့ ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေ မရေမတွက်နိုင်အောင် ရှိပါတယ်။
အမျိုးသမီးတွေ နိုင်ငံရေးထဲ ပါဝင်မှုနဲ့ ပတ်သက်ပြီး အန်တီ့ရဲ့ အမြင်ကို ဆွေးနွေးပေးပါ။ ဒီဘက် အမျိုးသမီးအဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေ အပေါ်မှာလည်း ဝေဖန်သုံးသပ်ပေးပါ။
ဒီကနေ့ အမျိုးမသီးတွေဟာ များသောအားဖြင့် အိမ်မှုတာဝန်၊ သားသမီးတာဝန်တွေအပြင်၊ စားဝတ်နေရေး တာဝန်တွေကိုပါ ရုန်းကန်နေကြရတယ်။ အထူးသဖြင့် စစ်အာဏာရှင် လက်အောက်က မြန်မာနိုင်ငံမှာ စားဝတ်နေရေးစရိတ် အလွန်ကြီးမားလှတာကြောင့်၊ အမျိုးသမီးတွေဟာ မိမိ မိသားစု ဘ၀ ဆက်လက်ရပ်တည်နိုင်ရေးအတွက်၊ စားဝတ်နေရေးအတွက်ပါ အလုပ်လုပ်ကြရတယ်၊ အချိန်မအားလပ်အောင် ရင်ဆိုင်နေရတဲ့ကြားက နိုင်ငံရေး လှုပ်ရှားမှုမှာပါ ပါဝင်ပတ်သက်နေကြတဲ့ အမျိုးသမီးတွေဟာ အမှန်တကယ် လေးစား ဂုဏ်ယူစရာကောင်းပါတယ်၊ မိမိ အိမ်ထောင် မိသားစုသာမကဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် အတွေးအခေါ်ပိုင်း၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ မြင့်မားကြသူတွေ ဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိနိုင်ရန် မိမိ တတ်နိုင်ရာ နေရာကနေ၍ ကြိုးစားနေကြသူများ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့အတွက် အမျိုးသမီးတွေဟာလည်း အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ဖြစ်ပါတယ်။ ပြည်ပမှာ ရောက်ရှိနေတဲ့ အမျိုးသမီးတွေဟာလည်း သူတို့ တတ်နိုင်တဲ့ ဘက်မှ ဆက်လက် ကြိုးစားနေတာကို တွေ့နိုင်ပါတယ်။ ဆွေးနွေးပွဲ၊ ဟောပြောပွဲ၊ ဆန္ဒပြပွဲတွေမှာ အမျိုးသမီးအဖွဲ့တွေ တက်ကြွစွာ ပါဝင် လှုပ်ရှားနေကြတာတွေကို အမြောက်အမြား တွေ့နိုင်ပါတယ်။
အခု လက်ရှိ ကျောင်းသူလေးတွေ၊ လူငယ်အမျိုးသမီးတွေကို နိုင်ငံရေး နိုးကြားမှုနဲ့ ပတ်သက်ပြီး ပြောချင်တဲ့ အမှတ်တရ စကားလေးကို ပြောပြပေးပါ။
အခု လက်ရှိ မျိုးဆက် ကျောင်းသူလေးတွေ၊ လူငယ် အမျိုးသမီးလေးတွေကို အမှတ်တရ ပြောချင်တဲ့ စကားလေးတစ်ခုကတော့ ကိုယ့်တိုင်းပြည်ရဲ့ လူမျိုး ကောင်းစားရေးကို ကြည့်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီစိတ်ဓါတ်ဟာ အင်မတန်မှ မြင့်မြတ်တဲ့ စိတ်ထားဖြစ်တယ်။ ဘယ်တော့မှ မလျော့တဲ့ သတ္တိရှိတဲ့ ခွပ်ဒေါင်း စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ ဥပမာပြရရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးအခေါ်၊ စိတ်ဓါတ်၊ သတ္တိနဲ့ အနစ်နာခံမှုတွေဟာ မြန်မာသာမက၊ တစ်ကမ္ဘာလုံးက လေးစား အသိအမှတ်ပြုခြင်း ခံရတဲ့ စံနမူနာယူစရာ မြန်မာအမျိုးသမီး တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူ့ကို စံနမူနာယူပြီး မိမိကျရာနေရာမှာ တတ်နိုင်တဲ့ဘက်က ကြိုးစားကြမယ်ဆိုရင် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ လက်တစ်ကမ်းမှာပဲ ရှိပါတယ်။
စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ အပေါ် အန်တီလှမြိုင်ရဲ့ သဘောထားကိုလည်း ပြောပြပါ။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ပြည်ထောင်စုတည်ဆောက်ဖို့အတွက် စစ်အာဏာရှင်တွေ ကျင့်သုံးတဲ့ မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ဖို့ လိုပါတယ်။ စစ်မှန် သာယာ လှပတဲ့ ပြည်ထောင်စုကြီး ဖြစ်ဖို့ လိုက်တယ်။ စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွှတ်မှုဟာ သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသား လူမျိုးများ တစ်မျိုးနဲ့ တစ်မျိုး အပြန်အလှန် လေးစားဖို့၊ လူမျိုး တစ်မျိုးရဲ့ ဓလေ့ ထုံးစံကို လေးစားဖို့ လိုအပ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုကြီး တစ်ခုလုံး လိုလားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စု တစ်ခု ဖြစ်ဖို့ ဆိုတာ လူ့အခွင့်အရေးကို လေးစားတဲ့၊ အာမခံချက် အပြည့်အ၀ရှိတဲ့ အခြေခံ ဥပဒေဆိုတာ လိုအပ်လှပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ ပင်လုံ စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ တိုင်းရင်းသား ပြည်သူ လူထု အားလုံး ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူ အခွင့်အရေး ရရှိရန်အတွက် ပြည်သူအများ လိုလားသော ဖက်ဒရယ် ပြည်ထောင်စု စနစ်ဖြင့် တည်ဆောက်သွားကြမယ်ဆိုလျှင် မြန်မာနိုင်ငံဟာ စစ်မှန်သာယာ လှပတဲ့၊ သွေးစည်းညီညာတဲ့ ပြည်ထောင်စုကြီးတစ်ခု ဖြစ်ပေါ်လာမှာ မုချမလွဲဖြစ်ပါတယ်။
ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;




