ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု အမြဲရှင်သန်နေရမယ်
ချိုးလင်းပြာ
ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့်မွေးနေ့ကို မြန်မာနိုင်ငံတွင်းမှာရှိတဲ့ သူမကိုချစ်သော ပြည်သူများက မွေးနေ့ရှင်နဲ့အတူ ကျင်းပခွင့်ရခဲ့တဲ့ နေ့တနေ့ ဖြစ်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာရှိတဲ့ သူမကို အားပေးထောက်ခံသူများကလည်း မတရားဖမ်းဆီးခံရတဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်နေပြီဖြစ်တဲ့ သူမကို ရည်စူးပြီး သူမရဲ့မွေးနေ့ပွဲတွေကို နေရာအနှံ့ သိုက်သိုက်ဝန်းဝန်း ပျော်ရွှင်စွာ ဂုဏ်ပြုကြပါတယ်။
သူမ လွတ်မြောက်သည်ဖြစ်စေ၊ မလွတ်မြောက်သည်ဖြစ်စေ စစ်အစိုးရရဲ့ အတားအဆီး အနှောက်အယှက် အမျိုးမျိုးတွေကြားထဲမှာပဲ သူမရဲ့ တိုင်းပြည်အပေါ် ကြီးမားတဲ့ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ ပြည်သူလူထုဘက်ကို ခိုင်မာစွာ ရပ်တည်မှုတွေကြောင့် ပြည်သူလူထုရဲ့ အားပေးထောက်ခံမှုတွေ၊ လေးစားဂုဏ်ပြုမှုတွေကို ထိုက်တန်စွာ ရရှိနေခြင်းဖြစ်ပါတယ်။
ဒီလိုပဲ စစ်အစိုးရကလည်း ဟန်ပြ ပြယုဂ်အမျိုးမျိုးပြောင်းပြီး ဘယ်လိုပဲ အမည်နာမတွေပြောင်းပြောင်း အမျိုးသမီးတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အကျဉ်းထောင်မှာရှိတဲ့အချိန်မှာ တမျိုး၊ အကျဉ်းထောင်ပြင်ပရောက်တဲ့အချိန်မှာ တဖုံ ပုံစံအမျိုးမျိုးနဲ့ ပြည်သူလူထုရဲ့ ယုံကြည်မှုတွေရရှိမှုလျော့နည်းအောင် အမျိုးမျိုးကြံစည်ကြိုးစားနေရဆဲပါ။
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာပြီးတဲ့နောက်မှာ လူငယ်ထု၊ အမျိုးသမီးထုကစလို့ မျိုးဆက်အသီးသီးကနေ ဒေါ်အောင်ဆန်းစုကြည်ကို အယုံအကြည်ကင်းမဲ့အောင် စစ်အစိုးရက ဘယ်လောက်ပဲ ၀ါဒဖြန့်ဖြန့် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ရပ်တည်ချက် လမ်းစဉ်အတိုင်း မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သူမရဲ့ ခြေလှမ်းတွေကို ခိုင်ခိုင်မာမာ လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။
တချို့နိုင်ငံရေးသမားတွေ အပါအ၀င် တချို့ပြည်သူတွေရဲ့ ပန်းတိုင်မြန်မြန်ရောက်လိုတဲ့ ဆန္ဒဇောတွေနဲ့ စစ်အာဏာရှင်လက်အောက် အရာရာ နောက်ကျကျန်နေခဲ့တဲ့ မြန်မာနိုင်ငံတ၀ှမ်း ပြည်သူလူထုရဲ့ အခြေအနေတွေကြားမှာ ထိန်းညှိပြီး ပြည်တွင်းပြည်ပ စည်းရုံးရေးလုပ်ငန်းတွေ၊ ပညာပေးလုပ်ငန်းတွေ၊ လူမှုရေးလုပ်ငန်းတွေ၊ အပြုသဘောဆောင် ပူးပေါင်းလုပ်ဆောင်ရေး လှုပ်ရှားမှုတွေကို မမောနိုင် မပန်းနိုင် အမျှော်အမြင်ရှိရှိ ရှေ့တိုးလုပ်ဆောင်နေတာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ခိုင်မာပြင်းထန်တဲ့ စိတ်ဓာတ်တွေကြောင့်ပဲဆိုတာ ယုံမှားသံသယရှိစရာ မရှိပါဘူး။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် အဓိက သော့ချက်တခုဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်စုစည်းမှုတွေ အမှန်တကယ် လိုအပ်နေပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်အံတုဖို့၊ ဆန့်ကျင်တွန်းလှန်ဖို့အတွက် မြန်မာပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်လမ်းပြမှုတွေ လိုအပ်နေဆဲဖြစ်ပါတယ်။
စစ်အစိုးရက စနစ်တကျ စစ်မှိုင်းတိုက်ထားခံရတဲ့ ခေတ်စနစ်မှာ မွေးလာတဲ့ နောင်လာမယ့် မျိုးဆက်သစ်တွေ လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်တွဲခေါ်ယူမှုတွေ၊ လမ်းညွှန်မှုတွေ မရှိမဖြစ် လိုအပ်နေပါတယ်။
ပြည်သူတွေရဲ့ အားပေးမှုဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် ခွန်အားတွေဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်လမ်းပြမှုဟာလည်း ပြည်သူတရပ်လုံးအတွက် အဖိုးမဖြတ်နိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုရဲ့ နှလုံးသားနဲ့ ရွေးချယ်ပြီး လူထုခေါင်းဆောင်အဖြစ် အသိအမှတ်ပြုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီကနေ့ ၆၆ နှစ်ပြည့်မွေးနေ့မှာ အနှောက်အယှက်ကင်းကင်း ပြည်သူနဲ့အတူ လွတ်လွတ်လပ်လပ် ကျင်းပခွင့်ရဖို့ ဆုတောင်းပါတယ်။ မြန်မာနိုင်ငံအတွက်ဆို ဘယ်အချိန် ဘယ်နေရာရောက်ရောက် ဘယ်အသက်အရွယ်မှာဖြစ်ဖြစ် လူထုခေါင်းဆောင်ပီပီ အမြဲတမ်း နိုးကြားတက်ကြွနေတဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံအနာဂတ်အတွက် ဒီထက်မက အသက်ရာကျော်ရှည်ဖို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။




