နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

3D Animation ကာတွန်းတွေအကြောင်း

အဂ္ဂ
ဒီအပတ်တော့ သမီးတို့တတွေကို 3D Animation Computer Graphic Art  လို့ခေါ်တဲ့ ၃ ဘက်မြင် ကွန်ပျူတာ ရုပ်ရှင်ပန်းချီပညာ အကြောင်း ပြောပြမယ်။ သမီးတို့အားလုံးလိုလို အင်္ဂလိပ် ကာတွန်းကားတွေ ကြည့်ဖူးကြမှာပေါ့။ လွန်ခဲ့တဲ့ နှစ်၂၀ လောက်တုန်းကဆိုရင် ၁၀ မိနစ်စာ ကာတွန်း တစ်ကားအတွက် သောင်းသိန်းမက များပြားတဲ့ ကာတွန်းရုပ်တွေကို စက္ကူပေါ်မှာ လက်နဲ့ ၀ိုင်းဆွဲခဲ့ကြရတယ်။ အခုသမီးတို့ရဲ့ ကွန်ပျူတာ ခေတ်မှာတော့ ဒီကာတွန်းကားတွေကို ၃ ဘက်မြင်ကွန်ပျူတာ ပန်းချီဆရာတွေက ၃ ဘက်မြင်ကွန်ပျူတာ ပန်းချီဆော့ဖ်ဝဲလ်တွေနဲ့ ကွန်ပျူတာထဲမှာ ရေးဆွဲကြတာဖြစ်တယ်။ ၃ ဘက်မြင်လို့ ခေါ်တာဟာ တကယ်တော့ သိပ်မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ထားတဲ့အရုပ်ကို ကွန်ပျူတာထဲမှာ ၃၆၀ ဒီဂရီလုံးလုံး လှည့်ကြည့်လို့ ရနေတာမို့ပါ။ ဒီပန်းချီပညာဟာ မြန်မာပြည်မှာ အခြေခံအဆင့်လောက် အထိဘဲ ကျောင်းတွေက သင်ပေးနေနိုင်ပေမယ့် ကာတွန်းကား ထုတ်လုပ်ဖြန့်ချိတဲ့ နိုင်ငံတွေမှာတော့ ကွန်ပျူတာ ဂရပ်ဖစ်ဆိုင်ရာ ပီအိပ်ခ်ျဒီ လို့ခေါ်တဲ့ သီးသန့် ပါရဂူဘွဲ့အဆင့်အထိရှိပါတယ်။ ကလေးကစားစရာလို့တော့ မထင်လိုက်နဲ့။

မွေးရာပါ အထုံမရှိသူတွေ အဖို့ အနိမ့်ဆုံးအဖြစ် ကွန်ပျူတာ ဂရပ်ဖစ်ဆိုင်ရာ မဟာဘွဲ့ရမှသာ ကမ္ဘာ့ ကာတွန်းထုတ်လုပ်ရေး ကုမ္ပဏီတွေမှာ သွားပြီး အလုပ်လျှောက်ခွင့် ရကြပါတယ်။ အလုပ်ရမရတော့ အာမ မခံနိုင်ဘူးပေါ့။ လက်ရာပေါ်မှာဘဲ အဓိကတည်တယ်။ အထုံဆိုတာက အင်္ဂလိပ်လို ပြောရရင်တော့ Genius ဂျီးနပ် ဆိုလားဘဲ။ ဆိုလိုတာက ဘာသင်တန်းမှ မတက်ရသေးဘဲနဲ့ ငယ်ငယ်လေးထဲက အဆိုကျော်တစ်ယောက်လို အသံကောင်းတဲ့ လူမျိုးတွေဟာ အခွင့်အလမ်းရှိတာနဲ့ အဆိုကျော်ချက်ခြင်း ဖြစ်သွားနိုင်သလို အဲလို ထူးထူးခြားခြား အသံကောင်း ပါမလာသူတွေ ဆိုရင်တော့ ပန်တျာမဟာဝိဇ္ဇာဘွဲ့တွေ ဘာတွေ ရလောက်မှ အတော်အတန် သုံးလို့ရတဲ့ အလယ်အလတ်တန်းစား အဆိုတော်တွေ ဖြစ်လာနိုင်တာမျိုးဘဲ။ စင်င်္ကာပူမှာ လုပ်ခဲ့တဲ့အာရှအဆင့် အန်နီမေးရှင်း ပြိုင်ပွဲတစ်ခုမှာ မြန်မာပြည်က လူငယ်လေးတစ်ယောက် ပထမရသွားဖူးတယ်။ ၀ါသနာပြင်းပျလို့ သူ့ဖာသာသူ နည်းလမ်းရှာ လေ့ကျင့်ရင်း ဆိုင်ရာဘွဲ့ တသီကြီးရလာတဲ့ ပြိုင်ဘက်တွေကို အပြတ်နိုင်ခဲ့တာ ဖြစ်တယ်။

အခုပြောနေတဲ့ ၃ ဘက်မြင်ကွန်ပျူတာ ရုပ်ရှင်ပန်းချီ ဆော့ဖ်ဝဲလ်တွေဟာ ဒီနေ့အပ်ပ်ဒိတ် လုပ်ကြည့်လိုက်တော့ အမျိုးပေါင်း ၅၀လောက် ရှိနေတာတွေ့ရတယ်။ ဘာတွေလဲဆိုတာ ဦးဦးပြောပြမယ်။ အင်္ဂလိပ်လိုဘဲ ရေးမယ်နော်။ ဘာသာပြန်လိုက်ရင် အဓိပ္ပာယ်လွဲကုန်မှာမို့ပါ။ 1.3ds Max (Autodesk), 2.AC3D (Inivis), 3.Aladdin4D (DiscreetFX), 4.Blender, 5.Cinema 4D (MAXON), 6.Electric Image Animation System, 7.form, 8.Z,Houdini, 9.Hypershot,10.Inventor, 11.LightWave 3D, 12.MASSIVE, 13.Maya, 14.Modo, 15.Silo, 16.SketchUp Pro, 17.Softimage, 18.SolidThinking, 19.SolidWorks, 20.TrueSpace, 21.Vue 7, 22.ZBrush, 23.Anim8or, 24.Animation Master, 25.Art of Illusion, 26.AutoQ3D, 27.Ayam, 28.Bryce, 29.Carrara, 30.Cybermotion 3D, 31.Cheetah3D, 32.DAZ Studio, 33.DX Studio, 34.FaceGen, 35.GMax, 36.K-3D, 37.MakeHuman, 38.MeshLab, 39.MilkShape 3D, 40.Mudbox Mudbox, 41.OpenFX, 42.RealFlow, 43.Realsoft3D, 44.Rhinoceros, 45.Seamless3d, 46.Terragen, 47.Wings 3D, 48.Poser  စသဖြင့်ပေါ့။

ဒီအထဲက 3ds Max (Autodesk),Maya,Vue 7,Bryce,DAZ Studio,FaceGen,Poser, Cinema 4D  တို့ဟာ နာမည်ကြီးဆော့ဖ်ဝဲလ်တွေ ဖြစ်တယ်။ ခုနက ပထမရခဲ့တဲ့ မြန်မာပြည်က လူငယ်လေးဟာ ဒီ Cinema 4D ဆော့ဖ်ဝဲလ်ကို သုံးခဲ့တယ်လို့ သိရတယ်။ ဦးတို့နိုင်ငံမှာ လဒ တွေအစား လူသားတွေ အုပ်ချုပ်နေတာ ဆိုရင်တော့ ခုလိုကမ္ဘာ့အဆင့် တော်တဲ့လူတွေ အများကြီး ပေါ်လာမှာမလွဲဘူး။ ဒါတွေကို စဉ်းစားလိုက်ရင် အတော်ကို စိတ်နာဖို့ကောင်းတယ်။ တတိုင်းပြည်လုံး နစ်နာစေပြီး  ဒီလဒတွေ အာဏာတည်မြဲဖို့ ထောက်တိုင်အဖြစ်အသုံး တော်ခံနေရသူတွေ များနေသေးသရွေ့ ဘယ် မဟာဟီးရိုးကြီးတွေကမှ ဦးတို့သမီးတို့ကို ကယ်နိုင်မယ်မထင်ဘူး။ ဟိုးနယ်ချဲ့လက်အောက်ခံ သူ့ကျွန်ဖြစ်ခဲ့တယ် ဆိုတဲ့ ကာလတုန်းက ဦးတို့နိုင်ငံဟာ အာရှတိုက်မှာ အတိုးတက်ဆုံးဘဲ။ ပြည်သူတွေရဲ့ဘ၀ စားဝတ်နေရေးအခြေအနေက အစ အာရှမှာ အမြင့်ဆုံးဘဲ။ အဲ၊ လွတ်လပ်ရေးရပြီး နှစ်၂၀ လောက်အတွင်းမှာ လေးတင်ဘဲ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ကို ရောက်သွားတယ်။ တိုးတက်သွားတာကို ဆိုလိုတာမဟုတ်ဘူး။ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ ညစ်ပတ်စုတ်ပြတ် မွဲတေဆုံးနိုင်ငံ ၇ နိုင်ငံ အဆင့်ကို ကျဆင်းသွားတာကိုပြောတာပါ။  ကြည့်စမ်း ဘယ်လောက်တော်တဲ့ စစ်အစိုးရတွေလဲလို့။

ဖီးတက်နေလို့ ဆက်ပွားပါရစေဦး။ သမီးကြားဖူးမှာပေါ့၊ ကိုလိုနီနယ်ချဲ့တွေရဲ့ လူမဆန်မှုကြောင့် ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော် တစ်ယောက် နံပါတ်တုတ်နဲ့ အရိုက်ခံရပြီး ကျဆုံးသွားခဲ့တာလေ။ အတော်ဆိုးတဲ့ နယ်ချဲ့။ အဲ၊ လွတ်လပ်ရေးရပြီး သူ့ကျွန်သဘောက် ဘ၀က လွတ်မြောက်သွားတော့မှ ဒီအဖြစ်မျိုးတွေ ရပ်တန့်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒါထက် အဆပေါင်းများစွာ ဆိုးဝါးရက်စက်မှုတွေက နေရာဝင်ယူလို့ဘဲလေ။ ၁၉၆၂ မှာရော၊ ၁၉၇၅ မှာရော၊ ၁၉၈၈ မှာရော၊ နောက်ဆုံး ၂၀၀၇ ပါ အားလုံးပေါင်းလိုက်ရင် ဗိုလ်အောင်ကျော်လို လူမျိုး ထောင်သောင်းမက ညှင်းဆဲသတ်ဖြတ် ခံခဲ့ရပြီးပြီလေ။ ဘယ်နယ်ချဲ့ကမှ သတ်တာမဟုတ်ဘူး။ ဦးတို့ပြောတဲ့ ဘာသာစကားကို ပြောပြီး ဦးတို့လိုဘဲ အသားအရောင်နဲ့ မျက်နှာပေါက် ရှိသူတွေက လုပ်တာလေ။ ဒီတော့ ဘယ်သူဖြစ်ဖြစ် ကိုယ့်လူမျိုးက ကောင်းတယ်၊ တခြားလူမျိုးတွေက ဆိုးတယ်ဆိုပြီး အခြေအမြစ်မရှိတဲ့ အမျိုးသားခွဲခြားရေးစကား လာမပြောနဲ့၊ ဦးလုံးဝအထင်မကြီးဘူး။ ဦးက ဘာခွဲခြားရေး အတွေးအခေါ်ကိုမှ လူရာမသွင်းတဲ့ နယ်စည်းမခြား လူသားခြင်းစာနာရေး ၀ါဒီတစ်ယောက် ဖြစ်တယ်လို့ ဒီနေရာကနေ မောင်းခတ် ကြေညာလိုက်ပါရစေ။ အင်း၊ ဟုတ်တယ်။ ဦး တစ်ခုတော့ခွဲခြားတယ်။ လူသားချင်းခွဲခြားတဲ့ အယူအဆမှန်သမျှကို ဦးခွဲခြားတယ်လေ။

ကဲကဲ .. ဘရိတ်တော့၊ ဘရိတ်တော့။ အိုင်တီသုတရေးဖို့ ပေးထားတဲ့ ကော်လံလေးမှာ မဆိုင်တာတွေ များနေပြီ။ ဆောရီးဘဲနော် သမီး။ ဦးတို့ သမီးတို့အားလုံးအတွက် ဘ၀ပေးပြီး အနစ်နာခံဆောင်ရွက်နေတဲ့ ဒေါ်စုအပေါ် စစ်အစိုးရက ယုတ်မာပြီးရင်း ယုတ်မာဖို့ အကြံယုတ်တွေနဲ့လုပ်နေချိန်မို့ ခုလို ခံစားချက်တွေ မတားနိုင်ဖြစ်နေရတာပါ။ တိုင်းရင်းသား လူမျိုးစုတွေအပေါ် စေတနာမှန်နဲ့ ကတိက၀တ်တွေပေးခဲ့တဲ့ သူ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုလည်း လက်ရှိစစ်အာဏာရှင်တွေရဲ့ ဘိုးအေတွေက ပက်စက်လိုက်တာပါဘဲ။ အဲဒီတုန်းက ဒီယုတ်မာမှုမျိုးတွေ လုပ်ရတာ လွယ်တယ်။ လူမုန်းများနေတဲ့ နိုင်ငံခြားသား နယ်ချဲ့မျက်နှာဖြူတွေကို အတာချလိုက်ယုံဘဲ။ ကမ္ဘာ့လူသား အချင်းချင်းတွေကို ဂေလက်ဇီ ပြင်ပကလာတဲ့ ဂြိုလ်သားတွေလို မြင်နေတဲ့ အမျိုးသားရေး မှိုင်းတိုက် ခံထားရသူတွေကလည်း လွယ်လွယ်ပဲ ယုံလိုက်ကြတာဘဲ။ အမှန်က ဒီ လုပ်ကြံသတ်ဖြတ်မှုဟာ လူမျိုးစုတွေအပေါ် ဗိုလ်ချုပ်ထားရှိခဲ့တဲ့ ကတိစကားတွေကို ရုတ်သိမ်းပစ်ရေး အတွက်သာ အဓိကအကျိုး ဖြစ်ထွန်းခဲ့တာမို့ ဘယ်သူဘာပြောပြော စစ်အစိုးရအဆက်ဆက်ရဲ့ ဘိုးအေတွေကလွဲပြီး အခြား ဘယ်သူကမှ လုပ်ဖို့ အကြောင်း မခိုင်လုံဘူးလို့ ဦး ရှင်းရှင်း သဘောပေါက်ထားတယ်။ ကဲ .. တော်ပြီ။  နိုင်ငံရေးတွေ ဘာတွေကိုတော့ တခြားမှာသွားပြီးဆက်ပွားကြတာပေါ့။

အခု 3D Animation Computer Graphic Art   အကြောင်းကိုပြန်ကောက်ကြရအောင်။ လူသုံးများတဲ့ ဆော့ဖ်ဝဲလ်တွေရဲ့ ရောင်းဈေးတချို့ကို ဦးဖောက်သည် ချမယ်။ 3ds Max (Autodesk) ဆော့ဖ်ဝဲလ်အစစ် တရားဝင် ရောင်းဈေးဟာ ဒေါ်လာ ၃၅၀၀ ဖြစ်ပြီး Maya ကတော့ ၁၉၉၉ ကနေ စပယ်ရှယ်ဆိုရင် ၄၉၉၅ ဒေါ်လာပေးရတယ်။ (ဦးဦးသုံးနေတာကို ဘယ်လောက်နဲ့ ၀ယ်ထားလဲလို့တော့ မမေးလိုက်နဲ့နော်၊ ဟဲဟဲ .. သိတဲ့အတိုင်းဘဲပေါ့) ၀ဏ္ဏာ ဘရာသာ နဲ့ ဝေါ့ဒစ္စနီက လက်ရှိကာတွန်းကား အများစုတွေ ဟာ Maya ကိုသုံးထားတာဖြစ်တယ်။ ထိုင်းက ထုတ်လုပ်လိုက်တဲ့ ကန့်ကွေ့ ဆိုတဲ့ ဆင်ကလေး ကာတွန်းကားဟာလည်း Maya ကိုဘဲ သုံးတယ်။ ဒါကိုတော့ ဦးဦးကိုယ်တိုင် တွေ့ခဲ့တယ်။ အာလူးမဟုတ်ဘူး။ လူစစ်စစ် သရုပ်ဆောင်တဲ့ ရုပ်ရှင်တွေမှာတော့ လူလွန် သရုပ်ဆောင်ခန်းတွေအတွက် စတန့်လှုပ်ရှားမှုတွေကို 3ds Max နဲ့ဖန်တီးတာများတယ်။ ဒါပေမယ့် 3ds Max ကိုဘဲဖြစ်ဖြစ် Maya ကိုဘဲဖြစ်ဖြစ် အဓိကထားသုံးနေတဲ့တိုင် အသေးစိပ်လူပုံတွေအတွက် Poser တို့ DAZ Studio တို့ကို တွဲသုံးကြတယ်။ နောက်ခံရှုခင်းကြီးတွေဆိုရင်တော့ Bryce wdk@Vue 7 တို့ကိုသုံးတာများတယ်လို့ဆိုတယ်။ တိုက်တာ မြို့ပြ အဆောက်အအုံ၊ ယန္တရားတွေ အတွက်တော့ 3ds Max ကိုဘဲ အားလုံးက စစ်ကူယူကြတယ်။

ဆိုလိုတာက 3D Animation Computer Graphic Artist  တစ်ဦးဟာ ဆိုင်ရာဆော့ဖ်ဝဲလ်အားလုံးကို သုံးတတ် ဖို့လိုတာပါဘဲ။ ဒါ့အပြင် ရိုးရိုးသာမန် Graphic software တွေဖြစ်တဲ့ Adobe photoshop  တို့ Corel Painter တို့ထဲက တစ်ခုခုကိုလည်း ကျွမ်းကျင်ရမယ်။ ဒါ့အပြင် ရုပ်ရှင်အယ်ဒီတာ ဆော့ဖ်ဝဲလ်တွေဖြစ်တဲ့ Adobe Premiere Pro, Final cut, After effect,Particle illution  စတာတွေ 2 D Animation software Adobe Flash တွေကိုလည်း နားလည်ရမယ့်အပြင် အသံဆိုင်ရာ Audio software  တွေကိုလည်း အကျွမ်းကျင်ကြီး မဟုတ်တာတောင်မှ နောကျေနေရမယ်။ ဒါတွေအပြင် ခုလို ဆော့ဖ်ဝဲလ်ကြီးတွေ သုံးနေတဲ့အခါ သမီးသုံးနေတဲ့ ကွန်ပျူတာရဲ့ အဆင့်အတန်းပေါ်တည်ပြီး ကွန်ပျူတာ ပြဿနာလေးတွေကို အနည်းနဲ့အများ ကြုံရမှာမို့ ပြဿနာရဲ့အတိမ်အနက်ကို တိုင်းတာခန့်မှန်း တတ်လောက်တဲ့ ကွန်ပျူတာအော်ပရေးရှင်း စနစ်တွေနဲ့ ဗိုင်းရပ်ကာကွယ်ရေးတွေကိုလည်း အလုံအလောက် လေ့လာသိရှိထားဖို့ လိုတာပေါ့သမီး။

ကာတွန်းကားလေးတစ်ကား ဖြစ်ပေါ်လာဖို့ ဘာတွေလိုအပ်တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သမီးတို့တတွေကို ပြောပြထားမယ်။ ဘယ်အလုပ် ဖြစ်မြောက်ရေးမဆို လူအား၊ ငွေအား၊ အတတ်ပညာအားတွေ လိုတယ်ဆိုတာတော့ လူတိုင်းသိကြတယ်။ ကာတွန်းရုပ်ရှင်လုပ်ငန်းတွေ ဖြစ်မြောက်ရေးဟာ လူတွေ ထင်မြင် ခန့်မှန်းတာထက် ၁၀ ဆ လောက် ပိုပြီး အင်အားသုံးရပါတယ်။

ဒီပညာကို တတ်မြောက်ကျွမ်းကျင်သူတဦးဟာ ကာတွန်းရုပ်တစ်ခုကို တည်ဆောက်ပြီးစီးဖို့  ၅ရက် တပတ်လောက် အချိန်ယူရတယ်။ သမီးလုပ်မယ့် ဇာတ်လမ်းစတိုရီဘုတ်မှာ သရုပ်ဆောင် ၁၀ ကောင်ပါတယ် ဆိုရင် အနည်းဆုံး ၁၀ နဲ့ မြှောက်ပေါ့။ အနည်းဆုံးလို့ ဆိုရတာက မိုဒယ်တစ်ခုထဲက အ၀တ်အစား ပြောင်းတာတွေ ရှိရင် မော်ဒယ်တစ်ခုစီအဖြစ် ခွဲပြီး တည်ဆောက်ရလို့ပါဘဲ။ လူဖြစ်စေ၊ တိရိစ္ဆာန်ဖြစ်စေ၊ ယာဉ်တွေ၊ အိမ်ယာ အဆောက်အဦး တစ်လုံးစီကို ဖြစ်စေ၊ ပရိဘောဂ ကိရိယာ တန်ဆာပလာ တွေကိုဖြစ်စေ ကာရိုက်တာမော်ဒယ်လ် (Charactor modle Object) လို့ခေါ်တယ်။ ၃၆၀ ဒီဂရီ လှည့်ပတ်လို့ရတဲ့ တောတောင်မြစ်ချောင်း မြေမျက်နှာပြင်ကိုလည်း တည်ဆောက်ရတယ်။ ဒီမော်ဒယ်တွေကို တည်ဆောက်ပြီးပြီဆိုရင် ငွေအကုန်ကျဆုံး၊ အချိန်အကုန်ဆုံး အပိုင်းကို ပြီးသွားပြီဖြစ်တယ်။ ဒီမိုဒယ်တွေကို ဇာတ်ကားပေါင်းများစွာအတွက် အကြိမ် အကန့်အသတ်မရှိ သိမ်းဆည်း အသုံးချသွားလို့ရတယ်။

ဒါပြီးရင် ဇာတ်ဝင်ခန်း အက်ပီစုတ်တွေအရ မော်ဒယ်တွေကို အသက်သွင်းရမယ်။ ဆိုလိုတာက Animation  လို့ခေါ်တဲ့ လှုပ်ရှားမှုတွေကို လုပ်တာ။ လမ်းလျှောက်၊ ထိုင်၊ ထ၊ ပြေး၊ ခုန်၊ ထိုးကျိတ် စသဖြင့်ပေါ့။ ဒါတွေလုပ်ရာမှာ အများအားဖြင့် ဇာတ်ဝင်ခန်းထဲပါတဲ့ မော်ဒယ်တွေ အားလုံးကို တပြိုင်ထဲလုပ်ရတယ်။ ကမ္ဘာကျော် ကာတွန်းကား တွေမှာတော့ ခြေလက် တကိုယ်လုံးမှာ စကင်နာတွေ တပ်ထားတဲ့ လူစစ်စစ်ကို အက်ရှင်လုပ် သရုပ်ဆောင်ခိုင်းပြီး အနီမေးရှင်းဖိုင်တွေအဖြစ် ကွန်ပျူတာထဲမှာ သိမ်းထားပြီးမှ တခါ သူတို့အသင့်လုပ်ထားတဲ့ Charactor modle ထဲကို သွင်းလိုက်တာပါဘဲ။

အနီးကပ် ပြကွက်တွေ အတွက်တော့ ပြောလိုက်တဲ့ စကားနဲ့အညီ ပါးစပ်နဲ့ မျက်ခုံးမျက်လုံးတွေ လှုပ်တာတွေကို လုပ်ရမယ်။ ဒါကိုတော့ Animation လို့မခေါ်ဘဲ Morphing လုပ်တာလို့ ခေါ်တယ်။ ဒါလုပ်တဲ့လူကို အသံသရုပ်ဆောင်ပြီး သွင်းထားတဲ့ အသံဖိုင်တွေ ပေးထားရမယ်။ တစ်မိနစ်လောက် ရှည်တဲ့ ဇာတ်ဝင်ခန်း တခန်းအတွက် လူတဦးလုပ်အားနဲ့ ၂ ပတ်လောက် အချိန်ယူရလိမ့်မယ်။ ခုနောက်ဆုံးပေါ် Poser 7 ကနေ အသံအရ ပါးစပ်လှုပ်တာကို လွယ်လွယ်လုပ်လို့ ရနေပြီ။ ဒါပေမယ့် သိပ်မတူသေးဘူး။ တချို့လည်း Eyematic facestation ကိုသုံးတာ လွယ်တယ၊် ဈေးတော်တယ် လို့ပြောတယ်။ ဦးဦး စမ်းကြည့်နေတုန်းဘဲ။ ခုထိတော့ ရှာမတွေ့သေးဘူး။ ဟက်ဟက် .. ။

အထက်က အဆင့်တွေပြီးရင် အလင်းရောင်နဲ့ ရီအက်ရှင် အက်ဖက် (Lighting and Reaction Effect) တွေကိုဖန်တီးရမယ်။ လေတိုက်တာတွေ၊ ရေစက် ရေလှိုင်းတွေ အပါအ၀င်၊ ဗုံးပေါက်ကွဲတာတို့၊ မီးတောက် လောင်တာ တို့ကိုလုပ်ရမယ်။ Reaction Effect တွေဟာ အချိန်အလွန့်အလွန် ကုန်တဲ့အလုပ်မို့ ဒါတွေကို သီးသန့်လုပ်ရောင်းတဲ့ ကုမ္ပဏီဝက်ဆိုက် တွေကနေ အော်ဒါပေးမှာ ၀ယ်ပြီးသုံးနိုင်ရင်တော့ အပီ လုပ်ထားတာတွေကို ရမယ်။ ကိုယ့်ဖာသာကိုယ် လုပ်ရင်တော့ တော်အိရော်အိ သဘောလောက် လုပ်တာကိုဘဲ ရနိုင်မယ်။ ဒါမှမဟုတ်လဲ Adobe Flash, Adobe After effect တို့နဲ့ ၃ ဘက်မြင်ရောင်ရောင် Effect တွေကို လုပ်သုံးလို့ ရတယ်။

ပြီးရင် ကင်မရာဗျူး ကစားတာလုပ်ရမယ်။ ဒါကို Camera Animate  လုပ်တာလို့ ဆိုတယ်။ အပေါ်ကနေ၊ ဘေးကနေ၊ အောက်ကနေ မြင်ရတဲ့ ဗျူးတွေအဖြစ်၊ ဒါမှမဟုတ် ကွေ့ဝိုက်ပြီး တဖြေးဖြေး နီးလာတဲ့ မြင်ကွင်း အရှင်ဘဲဖြစ်ဖြစ် ရလာအောင် ကင်မရာကိုရွေ့လျား ကစားပေးတာဖြစ်တယ်။ ဒီအပိုင်းကတော့ သိပ်လည်းမခက်၊ သိပ်လည်း အချိန်မကုန်တာမို့ တခြားအပိုင်းတွေကို လက်တွေ့ မလုပ်တတ်ပေမယ့် အယ်ဒီတာအာဏာ ရထားသူတွေက Coordinator လို့ခေါ်တဲ့ အားလုံးတတ် ပညာသည်ရဲ့ အကူအညီနဲ့ ကိုယ်တိုင် ၀င်ကစားလေ့ရှိတယ်။ ကင်မရာဆိုလို့ ခေါင်း မရှုပ်သွားနဲ့ဦး။ တကယ့်ကင်မရာကို ပြောတာမဟုတ်ဘူး။ ဆော့ဖ်ဝဲလ်ထဲမှာ ထည့်ထားပေးပြီး ကြွက်ကလေးနဲ့ စိတ်ကြိုက် ရွေ့လျား ထိမ်းချုပ်လို့ရတဲ့ ကင်မရာ အရုပ်လေးကို ပြောတာပါ။ ကြွက်ကလေး ဆိုတာကိုတော့ သမီးသိမှာပေါ့နော်။

ဒါတွေပြီးရင် အသံပိုင်းက ပြန်လာမယ်။ အဓိက ကတော့ နောက်ခံ တေးသီချင်းတွေကို ထည့်တာပါဘဲ။ ဒီကိစ္စမှာတော့ အသံဆော့ဖ်ဝဲလ် ကိုင်သူတွေဟာ ကိုယ့်ဖာသာကိုယ် သီချင်းမစပ်ကြပါဘူး။ အလကား ရတာတွေနဲ့ သူများဟာတွေကို ၀ယ်သုံးကြတာပါဘဲ။ စီးပွားဖြစ် မဟုတ်ရင်တော့ ဗြောင်ခိုးသုံးကြတာ တွေ့ရတယ်။ အက်ဖက် အသံတွေကိုတော့ အော်ဒီယို ဆော့ဖ်ဝဲလ်ကိုင်သူတွေက ကိုယ်တိုင်ဘဲ လုပ်ကြပါတယ်။ အော်ဒီယိုသမား စစ်စစ်တွေကျတော့ တေးစပ်ပညာနဲ့ တူရိယာမျိုးစုံကို တီးမှုတ်တဲ့ ပညာတွေကိုပါ တတ်ရတယ်။ အော်ဒီယိုဆော့ဖ်ဝဲလ် ရှိနေရင် ကမ္ဘာပေါ်မှာ ရှိသမျှ တူရိယာတွေ ကိုယ့်ရဲ့ကွန်ပျူတာထဲမှာ ရှိနေတာနဲ့ တူတူဘဲ။ တီးတတ်ဖို့ဘဲ လိုတယ်။ ဒီမှာ စကားမစပ် အကြံပေးစရာရှိတယ်။ ပီအယ်နိုတီးတတ်ပေမယ့် ဈေးကြီးလို့ မ၀ယ်နိုင်သူတွေဟာ ပီအယ်နိုပလပ်အင် ပါတဲ့ အော်ဒီယိုဆော့ဖ်ဝဲလ် တစ်ခုခုကို ကွန်ပျူတာထဲ ထည့်ထားလိုက်ရင် မိမိရဲ့ကွန်ပျူတာကို ပီအယ်နိုအဖြစ် တီးလို့ရလာမယ်။ အသံကတော့ ပြောစရာမရှိဘူး ခီးဘုတ်ဘဲ နည်းနည်း ကသိကအောက် ဖြစ်နေမယ်။ ဒီတော့ အဓိက ခီး ၃၆ ခုပါတဲ့ ခီးဘုတ်ဟောင်းလေး တလုံးကို တစ်ထောင်ကျော်လောက် ပေးဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်လိုက်ရင် အဆင်ပြေသွားမှာပါ။ သိန်းတန် ပိအယ်နိုထက် မသာရင်တောင်မှ တမျိုးနားဝင်ချိုတဲ့ သံစဉ်လေးတွေကို တီးခတ် နားဆင်နိုင်မှာ သေချာပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး အသေးစိပ်တော့ ဒီနေ့မပြောနိုင်တော့ဘူး။ ကိုယ်တိုင်ကလည်း ပီအယ်နို တီးတတ်တာမှမဟုတ်တာ။ တတ်တဲ့လူတွေ လုပ်နေတာကို ထောက်လှန်းလေ့လာ စုံစမ်းစစ်ဆေးရေးတွေ လုပ်ထားလို့ သိနေတာလေ ..  ညှင်း .. ညှင်း (သို့မဟုတ်) သမိန်ပေါသွပ်လို ငှဲလျောင်း ငှဲလျောင်းလို့ အရှက်ပြေ ရယ်လိုက်မယ်နော်။

Movie export အပိုင်းကတော့ တက္ကနစ်ပိုင်း ဆိုင်ရာက နောက်ဆုံး အဆင့်လို့ဆိုရမှာပေါ့။ 3D Animation Computer Graphic Software ထဲမှာ လုပ်ပြီးသွားတဲ့ ဇာတ်ဝင်ခန်းတွေကို Adobe Premiere Pro, Final cut  စတဲ့ Movie editor Software တွေကိုင်တဲ့ ဆရာဆရာမတွေ လက်ထဲ လွှဲအပ်လိုက်ပြီး လိုသလို ဖြတ်ညှတ်ကပ် လုပ်တယ်။ နာမည်တွေ၊ ခေါင်းစည်းတွေ၊ ခရေးဒစ်တွေ အပြည့်အစုံ ထည့်ပြီးတဲ့အခါ 3D Animation ဖိုင်အဖြစ်ကနေ Movie file အဖြစ် export လုပ်တယ်။ အဲလိုလုပ်ရာမှာ CD, DVD တွေအတွက် ဆိုတာမျိုး၊ Web, Mobile Phone စတာတွေအတွက် ဆိုလည်းတမျိုး၊ ရုပ်ရှင်ရုံမှာ ပြတဲ့ဖလင်(Film) တွေအတွက် ဆိုလည်းတစ်မျိုး စသဖြင့် ကွဲပြားတာတွေ ရှိတယ်။

ဒီလုပ်ငန်းရဲ့ အဆင့်ဆင့်ကို သိသွားတဲ့ သမီးဟာ ကာတွန်းမလုပ်တတ်သေးပေမယ့် ကာတွန်းကားလုပ်ဖို့ စီမံကိန်းတစ်ခုကို ရေးဆွဲ တတ်လာမယ်လို့တော့ ဦးပြောရဲတယ်။ ဒီဗဟုသုတတွေမရှိရင် အမှုထမ်း ၁၀၀ လောက်ရှိတဲ့ ကုမ္ပဏီကြီး တစ်ခုကို အုပ်ချုပ်ရသလောက် ကြီးကျယ်တဲ့ ကာတွန်းရုပ်ရှင် လုပ်ငန်းကြီးကို စာတိုက်သွားပြီး စာယူဖို့ တာဝန်ပေးထားတဲ့ ရုံးလုလင် အနေအထားမျိုးက ခရီးသွားဟန်လွဲ သဘောနဲ့ လုပ်လို့ရတယ်လို့ ထင်မှတ် မှားတတ်တယ်။ ဘတ်ငွေ သန်းသုံးရာကုန်သွားတဲ့ ကန့်ကွေ့ ဆိုတဲ့ ထိုင်းကာတွန်းကားဟာ လူတွေနဲ့ဘဲ သရုပ်ဆောင်ရင် သန်း ၁၀၀ လောက်ဘဲ ကုန်မယ်လို့ ဒီကာတွန်းကားထုတ်လုပ်တဲ့ ကန်တနာ ကုမ္ပဏီက မန်နေဂျာ တစ်ဦးက ပြောပြတယ်။ ဒီတချက်တည်းနဲ့ ကာတွန်းလုပ်ငန်းဟာ ရုပ်ရှင် လုပ်ငန်းထက် ကြီးမားတယ်ဆိုတာ သဘောပေါက်တော့ သမီး။

အားပါးပါး သမီးရေ၊ ဒီနေ့တော့ ညောင်းသွားပြီဗျို့လို့ မော်လမြိုင်သားလို ပြောပါရစေ။ ထားဝယ်သားတွေ ဆိုရင်တော့ အားလီရေ့လို့ ပြောတာ ကြားဖူးတယ်။ သမီးပိုပြီး သဘောပေါက်စေမယ့် ဆိုင်ရာ အရုပ်တွေကိုလည်း ဖန်တီး ပေးရဦးမယ်လေ။ ခု ဦးပြောသလောက် ဖတ်လိုက်ရတယ် ဆိုရင်ဘဲ 3D Animation နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို သမီးကောင်းကောင်းလေး ရွှီးလို့ရသွားပြီလေ။ ဒီတော့ မပြောရသေးလို့ ကျန်နေတာတွေလည်း ကျန်နေပါစေတော့လို့ ဟောဒီက ဦးဦးကြီးက တောင်းပန်လိုက်ပါတယ်နော်။

ရှေ့အပတ် တွေ့ကြဦးမယ်လေ၊ ပျော်ပျော်ပါးပါးပေါ့။ (ဒါက ဘီဘီစီမှာ အရင်ကကြားဖူးခဲ့တဲ့ တာ့တာစကား)

သမီးတို့ရဲ့
ဦးဦး အဂ္ဂ

Print     


 

ဆက်စပ်အကြောင်းအရာများ


 

ထင်မြင်ချက်များ

myo kyaw
ဝါသနာရှင်များအတွက် အလွန်တန်ဖိုးရှိပါတယ်.. ဆက်လက်ဖေါ်ပြပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ...
 

Name:(Required)

Email:(Required)

Comment:(Required)



Web Site Terms & Conditions Are you agree ?

TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;