နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

အပျိုစင်လေးများအတွက် သိကောင်းစရာ (၈)

ဒေါ်လေးမာန်
"ဟယ်... ဒေါ်လေးမာန် ဧည့်သည်တွေ ပါလာတယ်။ ဒီနေ့ ဆွေးနွေးပွဲလေးမဖြစ်တော့ဘူးပေါ့နော်"

အိမ်ထဲမှ ပြေးကြိုပြီး ဧည့်သည်များနှင့်အတူ တွေ့လိုက်သော မိမိအား စိုးရိမ်သော မျက်လုံးများဖြင့် ကြည့်၍ မေးလိုက်သော တူမလေးကြောင့်၊ "မဟုတ်ပါဘူးကွယ်၊ ဒီနေ့ ဒီမမကြီး နှစ်ယောက်က သမီးတို့တတွေကို ၀ိုင်းဝန်း ဆွေးနွေးပေးမလို့ပါ။"

"ဟေး..." သူမလေးတို့တစု ၀ိုင်းအော်လိုက်ပြီး မိမိတို့အား နေရာချပေးရင်း၊ သောက်ရေပါ တခါတည်း ချပေးတော့ ကျေးဇူးတင်ပါတယ်ဟု မမကြီးနှင့် မမလေး သံပြိုင် အသံထွက်သည်ကို ရယ်မောနေကြသည်။ အင်းလေ ... ကလေးများကို ကြည့်၍ မိမိ စိတ်ချမ်းသာပါသည်။ စိတ်ပါလက်ပါ ၀ိုင်းဝန်း နားထောင်တော့မည့် သူမတို့တတွေ နေရာယူနေမှုကိုလည်း မိမိ ပြုံး၍သာ ကြည့်နေလိုက်သည်။ စာအုပ်ကိုင်သူကိုင်၊ နေရာလုထိုင်သူကထိုင်၊ တိုးတိုးတိတ်တိတ် နားနားကပ်ပြောရင်း တချက်တချက် ရယ်မောလိုက်သံ ထွက်ပေါ်လာတတ်သည့် အုပ်စုတဖုံနှင့် ပန်းပွင့်လေးများ လှုပ်ရှားမှုမှာ ချစ်စရာ ကောင်းနေသေးသည်။ အားလုံး နေသားတကျ ရှိသွားမှ ...
    
"ကဲ... ဒီနေ့ ဒေါ်လေးမာန် သမီးတို့အတွက် မိတ်ဆွေသစ်နှစ်ယောက် ခေါ်လာတယ်။ သူ့နာမည်ကတော့ မမကြီး၊ ဘေးနားမှာ ထိုင်နေတာကတော့ မမလေးတဲ့၊"

"ဟင်... တူလိုက်တာနော်၊ နာမည်ရော လူရောပဲ"။ တစ်ယောက်က စိတ်မထိန်းနိုင်စွာ ခပ်မြန်မြန် စကားသံ ထွက်လာတော့ "တူမှာပေါ့၊ မမတို့က အမွှာ ညီအစ်မလေ"မမလေးက ဖြေရင်း တဆက်တည်း "ဒါပေမဲ့ မမလေးပိုလှတယ် မဟုတ်လား"ဟု ခပ်ရွှင်ရွှင် မေးလိုက်တော့ အားလုံး ပြက်လုံးတစ်ခု ကြားရသကဲ့သို့ ၀ါးကနဲ ပွဲကျသွားကြသည်။

"သမီးလည်း အမွှာလေးလိုချင်တယ်"ဟု ရုတ်တရက် ဘယ်သူ့ဆီကမှန်းမသိ ထွက်လာသော အသံကို တစ်ယောက်က "မွေးပေါ့၊ နည်းလမ်းတော့ ဒေါ်လေးမာန်ကိုမေး"ဟု ခပ်သုတ်သုတ် လှမ်းတွယ်လိုက်သည်။ မိမိလည်း ပြုံးရယ်လိုက်ရင်း "အင်း ဟုတ်တယ် ဟုတ်တယ်၊ သမီးတို့ကို ကြုံတုန်း တခါတည်း အမွှာလေးဖြစ်တာကို ပြောပြမယ်"။

"ဟင်... တကယ်"။ တစ်ယောက်ကအံ့သြသံနှင့်မေးလိုက်တော့ "ဟုတ်တာပေါ့၊ တကယ်တော့ အမွှာလေး မွေးတာကတော့ အမျိုးသမီးတွေမှာ သားဥပြွန်ထဲက သားဥထွက်တာကို ပြောပြထားတာ သမီးတို့ မှတ်မိပါတယ်နော်"။

"ဟုတ်ကဲ့ ဒေါ်လေးမာန်၊ မှတ်မိပါတယ်။ တချို့ မျက်နှာ ဇဝေဇ၀ါနှင့် အချင်းချင်း ကြည့်နေသည်ကို သတိပြုမိလိုက်တော့ "ကဲ တချို့တွေကတော့ ဒေါ်လေးနဲ့ ဆုံဖူးတာ မဟုတ်တဲ့အတွက် သိကြမှာ မဟုတ်ဘူး၊ သိထားသူတွေ ပြန်ပြောပြလိုက်နော်"။  

"ဟုတ်ကဲ့ပါ ဒေါ်လေးမာန် သမီးပြောပြလိုက်ပါ့မယ်"ခပ်သွက်သွက် ဖြေလိုက်သော ဆရာဝန်မကြီး ဖြစ်ချင်သူကို တချက် အသိအမှတ်ပြု ခေါင်းငြိမ့်ပြရင်း "အင်း... တကယ်တော့  သိပ်တော့ မထူးဆန်းဘူးပေါ့၊ သားအိမ်မှာ သားဥပြွန်လေးက ဘယ်တစ်ဖက်၊ ညာတစ်ဖက် ရှိနေတယ်မဟုတ်လား။ တစ်လကို တစ်လုံး ဘယ် ညာ တလှည့်ဆီ ထုတ်ပေးနေတာပေါ့။ ဒါပေမဲ့ အမျိုးသမီး တချို့ကျတော့ တခါတလေ သားဥတစ်လုံး ထုတ်နေချိန် နောက်တစ်လုံးကလည်း သားဥအိမ်အပြင်ကို ရောက်နေတဲ့ အချိန်မှာ အမျိုးသားနဲ့ အမျိုးသမီး လိင်ဆက်ဆံမိရင်၊ အမျိုးသားရဲ့  သုတ်ရည်နဲ့အတူ ပါလာတဲ့ သုတ်ပိုးလေးတွေက အဲဒီ သားဥပြွန်လေးက ထွက်လာတဲ့ သားဥလေးနှစ်လုံးမှာ သွားတွယ်ကပ်သွားပြီး သန္ဓေအောင်သွားရင် အမွှာလေး ဖြစ်လာတော့တာပေါ့ကွာ"ဟု ရှည်လျားစွာ တဆက်တည်း ရှင်းပြလိုက်ပြီး ရေတစ်ခွက် သောက်လိုက်ရသည်။

"ဟင် ဒေါ်လေး၊ ဒါဆို လူတွေက ဘာလို့ အမွှာလေးတွေ သိပ်မမွှေးဖြစ်တာလဲ ဟင်"။

ဝါးကနဲ ပွဲကျသူများကလည်း သိချင်စိတ်နှင့် ရယ်မောရင်း မိမိအား လှမ်းကြည့်လိုက်ပါသည်။ "အေး ဟုတ်ပြီ၊ အဲဒါ သမီးတို့တတွေကို ဒေါ်လေးမာန် အိမ်စာပေးလိုက်မယ်။ ဟိုး အစက ဒေါ်လေးမာန် ပြောပြထားတာလေးတွေကို အချင်းချင်း ပြန်ပြောပြီး စဉ်းစားကြည့်ကြနော်။ ဒီနေ့တော့ ဒေါ်လေးက လမ်းကြုံလို့ ပြောပြလိုက်တာ၊ တကယ်တော့ မမကြီးနဲ့ မမလေးက သန္ဓေတားတဲ့အခါမှာ ဘာဆေးတွေ သုံးစွဲလို့ရတယ်ဆိုတာ ပြောပြဖို့ ခေါ်လာတာလေ။ သူတို့တတွေက ဆရာဝန်တွေတော့ မဟုတ်ဘူး၊ ဒါပေမဲ့ တွေ့ကြုံချက်လေးတွေ ရှိတယ်ကွယ့်"

အားလုံး တိတ်ဆိတ်သွားကြသည်။ တချို့သူများက မရလိုက်သော အဖြေအတွက် အနည်းငယ် မတင်မကျ ဖြစ်နေပုံတော့ ရသည်။ သို့သော် တချို့မျက်လုံးများကတော့ မခံချင်စိတ်ဖြင့် အဖြေရှာလိုက်မည်ဆိုသည့် အနေအထား ရှိနေသည်ကိုလည်း မိမိတွေ့ရ၍ ကျေနပ်လိုက်သည်။ " ကဲ မမကြီး စပြောမလား၊ မမလေး စပြောမလား"စကား လမ်းညွှန်ပေးလိုက်တော့ မမလေးက သူမ စပြောမည်ဟု ခပ်သွက်သွက် ဖြေပြန်သည်။

"ဒီလို.. ဒီလိုလေ၊ မမလေးက ဒီကညီမလေးတွေကို ပြောပြချင်တာလေးတွေ သယ်လာတော့ စိတ်က သိပ်ထိန်းမထားချင်ဘူးလေ။ သိပ်ပြောပြချင်နေပြီ၊ သူမ အပြောသွက်သွက်ကြေင့် ကောင်မလေးတသိုက် ပြုံးစိစိမျက်နှာပေးနှင့် "ဟုတ်ကဲ့"ဟု သံပြိုင် တိုးတိုးလေး ထွက်လိုက်သေးသည်။

"မမက အိမ်ထောင်သည်လေ"ဟု အစချီလိုက်ပြန်တော့ မမကြီးက "ဟာ ဘလိုင်းကြီးပါလား"ဟု ဆို၍ ပွဲကျသွားပြန်သည်။ "အိုး ဒါက ကြေညာရမှာပေါ့၊ တော်ကြာ ကိုယ်ပြောတာတွေကို ကျိန်တွယ်ပြောနေရအုံးမယ်၊ ဘုရားစူး သုံးဖူးပါတယ်လို့လေ"။

"ဟယ် နင်ကလည်း ကလေးတွေအရှေ့မှာ ပေါက်တတ်ကရ"။ အပြန်အလှန် အချီအချ ပြောနေကြသော အမွှာညီအစ်မကို ကောင်မလေးများ စိတ်ဝင်တစားနှင့် ကြည့်ရင်း ပျော်ရွှင်နေပုံရသည်။ အငယ်မလေးက ရယ်ရွှင်ဖွယ်များဖြင့် ပွဲထိန်းနေသည်ကို ကြည့်ရင်း မိမိ ပြုံး၍ နားထောင်နေလိုက်သည်။

"ကဲပါ ဒီတခါ တကယ် အတည်၊ မမလေးက ကလေး ၃ ယောက် ရှိတယ်လေ။ "ဟင်"။ "ဟယ်"။ အာမေဋိတ်သံများ ထွက်လာ၍ "မမလေးကိုကြည့်တော့ မထင်ရဘူး မဟုတ်လား"ဟု ခပ်ရွှင်ရွှင် နောက်လိုက်သေးသည်။ တစ်ယောက်ကလည်း "ဟုတ်တယ်၊ လုံးဝမထင်ရဘူး၊ ကလေးတောင် ရှိတယ်လို့ မထင်ရတာ"ဟု တစ်ယောက်တစ်ပေါက် ၀ိုင်းပြောကြတော့ မမကြီးကလည်း "အင်း... များများမြှောက် သူက အမြှောက်ကြိုက်တယ်"ဟု ကြားထဲကနေ တချက် ၀င်ကလိလိုက်သော မမကြီးကို ကြည့်ပြီး သူမ မျက်စောင်း လှမ်းထိုးလိုက်သည်။ မမလေး မျက်နှာပိုးသတ်လိုက်ရင်း "တကယ်တော့ မမလေးက ကလေးကို ၂ နှစ်ခြားပြီး မွေးတယ်လေ၊ ပြီးတော့ ခဏနားထားလိုက်တယ်၊ အဲဒီနားနေတဲ့ ကြားမှာ  ဟောဒီ ဆေးကဒ်လေးကို သုံးတယ်လေ ကြည့်"ဟု ဆို၍ ဆေးကဒ်ကို ပြတော့ အားလုံး စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ "ဒီဆေးကဒ်လေးက ၂၈ လုံးပါတယ်လေ တွေ့လား။" ဆေးကဒ်များကို တချက် ဖြန့်ဝေလိုက်ပြီး သူမတို့ကို တချက် အချိန်ပေး ကြည့်ခိုင်းလိုက်သည်။ "တစ်ကဒ်နဲ့ တစ်ကဒ် ဘာကွာလဲဟင်၊ ဘာမေးချင်လဲ"

"ဘာမှတော့ မကွာပါဘူး၊ ဒါပေမဲ့ ဘာဖြစ်လို့ ဒီအောက်က ဆေးလုံးလေးတွေက အညိုရောင်လေးတွေ ဖြစ်နေတာလဲ"။

"ဟယ် ငါ့ကဒ်လေးနဲ့ နင့်ကဒ်လေး ကွာတယ်လေ၊ ဒီမှာက မြှားလေးတွေ ပါတယ်၊ နင့်ဆီမှာက မပါဘူး"။

သူမတို့နှစ်ဦးကို မမလေးက "ဟုတ်တယ် ညီမလေးတို့ရေ... တကယ်တော့ ဆေးကဒ်မှာ တချို့မြှားလေးတွေ ပါတယ်။ မြှားပါတာလေးတွေကတော့ မြှားသွားတဲ့အတိုင်း သောက်ရတာပေါ့။ မြှားမပါတဲ့ ကဒ်ကတော့ အညိုရောင်လေးတွေကို နောက်ဆုံးမှ သောက်ရတယ်ကွယ့်။ ထိုင်းနိုင်ငံမှာတော့ ဆေးခန်းတွေ၊ ဆေးရောင်းဆိုင်တွေမှာဆိုရင် တခါတည်း ပြောပြတတ်ကြတယ်လေ။ တစ်ရက်ကို တစ်လုံး သောက်ရတယ်၊ သန္ဓေတားဆေးပဲပေါ့နော်။ အညိုရောင်လေးတွေကတော့ အားဆေးတွေ အပါအ၀င်လေ။"

"တစ်ရက် တစ်လုံးလား၊ ဒါမှမဟုတ် တစ်ခါဖြစ် တစ်လုံးလား"။ ၀ါးကနဲ ပွဲကျသွားသံနှင့်အတူ ကြံဖန်မေးလိုက်သော မေးခွန်းကို အားလုံး သဘောပေါက်သွားသည်။ "ကလေးမယူတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီဆိုရင် ရာသီလာပြီး တပတ်ပြည့်တာနဲ့ စသောက်လို့ရပြီ။ နေ့တိုင်းမသောက်ရင်တော့ ကိုယ်ဝန်ရှိသွားမှာပဲ။ အဲဒီတော့ ပြောချင်တာက ဘာမှမလုပ်လဲ တစ်ရက် တစ်လုံးသောက်ရမယ် ဒါပဲ"။ ၀ါးကနဲ ပွဲကျသွားပြန်သည်။ တစ်ယောက်က "ဒို့ သဘောပေါက်လိုက်ပါပြီ" ဟု နောက်လိုက်သေးသည်။

"သြော် ဟေ့ ပြောရအုံးမယ် ညီမလေးတို့ရေ၊ ဒီဆေးကို ကိုယ်ဝန်မရှိတာ သေချာတဲ့ အချိန်မှ စသောက်နော်၊ ရာသီလာပြီး တစ်ပတ်နော်၊ မမေ့နဲ့နော်။ နောက် ခြေထောက်ရောင်တတ်တဲ့သူ ဘယ်သူရှိလဲ"။

"သူရှိတယ် မမလေး"

"ဟေ.. ဟုတ်လား။ ဒါဆို သူတော့ ဒီဆေးသောက်လို့မရဘူး"။ ထိုကောင်မလေးက "ငါ အတော် ကံဆိုးပါလားနော်" ဟု နောက်တောက်တောက် ပြန်ပြောတော့ မမကြီးက "ကံမဆိုးပါဘူး ညီမလေးရယ်၊ ဒီထက်ကောင်းတဲ့ဆေးက ညီမလေးနဲ့ ပိုကိုက်ညီလို့ ဖြစ်မယ်၊ အဲဒါ မမလေးပြောပြီးရင် မမကြီး ပြောပြမယ့် ဆေးပေါ့" ဟု ၀င်ရောပြန်သည်။ ကောင်မလေးများ တသောသော ရယ်မောသံ ထပ်ထွက်လာပြီး မမလေး မကျေမနပ်အသံဖြင့် ဟန်လုပ်ရင်း အရေးထဲ ကြော်ညာက ၀င်နေပြန်သေးတယ်။ ကဲ ကဲ စကားဆက်လိုက်အုံးမယ်၊ နောက် တချို့အမျိုးသမီးတွေက လိင်အင်္ဂါကနေ သွေးသွန်တာတွေ ဖြစ်တတ်ကြတယ်။ အဲလို အမျိုးသမီးလည်း မသောက်သုံးသင့်ဘူး၊ နောက် သွေးတိုးရောဂါသည်၊ ဆီးချိုရောဂါသည်တွေ၊ အသဲရောင်နာတဲ့သူ၊ အသဲကင်ဆာရှိသူတွေ၊ ကိုယ်တွင်းမှာ အကျိတ်ဖြစ်သူတွေ၊ ဆီးလမ်းကြောင်းမှာ ပိုးဝင်တဲ့ ရောဂါရှိသူတွေ၊ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဆိုရင်တော့ မသောက်သင့်ဘူးပေါ့"။

"ဒီဆေးမှာ ဆိုးကျိုးတွေရှိလား မမလေး"

"အေး ရှိတာပေါ့ ဆေးတိုင်းမှာ ကောင်းကျိုးရှိတယ်၊ ဆိုးကျိုးရှိတယ်။ ဆိုးကျိုးတွေကတော့ ကလေးမွေးပြီးရင် နို့ရည်ထွက်နည်းတာမျိုး၊ ၀လာတာမျိုး၊ နောက် အန်ချင်သလို ဖြစ်တာမျိုး၊ သွေးတိုးတာမျိုးတွေ ဖြစ်တဲ့အပြင် လိင်ကြောင့် ကူးစက်နိုင်တဲ့ ရောဂါကိုလည်း မကာကွယ်ပေးနိုင်ဘူးလေ"

"ဟင် ဒါဆို ကောင်းကျိုးကရော"

"ကောင်းကျိုးကတော့ အလွယ်တကူ ၀ယ်သောက်လို့ရတယ်၊ သွေးဆင်းတာတွေ လျော့နည်းစေတယ်၊ နောက် ပြက္ခဒိန်လို သုတ်ရည်တွေ အပြင်မှာ ထုတ်ပစ်စရာ မလိုဘူးပေါ့ကွယ်။ သဘောပေါက်တယ်နော်"

"သဘောပေါက်ပါတယ် မမလေး"ဟု ဆိုရင်း ရယ်မောလိုက်ကြပြန်သည်။

"နေအုံး မပြီးသေးဘူး"

ခပ်တည်တည် မျက်နှာပေးဖြင့် "တချို့ ဒီဆေးကို ကလေး သေးသေးလေး နို့တိုက်နေတဲ့ အချိန်မှာ သောက်တတ်ကြတယ်။ အကောင်းဆုံးကတော့ အဲဒီလိုမျိုးအချိန်မှာ မသောက်ဖြစ်ရင် အကောင်းဆုံးပေါ့"

"ဒါဆို ဒီဆေးကဒ်ကိုသောက်ရင် ကလေးတော့ မရတာ သေချာတယ်နော်"

"အေး သေချာတာပေါ့၊ ဘာဖြစ်လို့လဲဆိုရင် အမျိုးသမီး မျိုးဥအိမ်ကနေ ထွက်လာနိုင်တာတွေကို သူက တားဆီးပေးထားတာကိုး။ သားအိမ်ထိပ်ဝကိုလည်း ပိုပြီး စေးကပ်စေတယ်လေ။ ဒီတော့ သားအိမ်မှာ သားဥ မတွယ်ကပ်နိုင်ဘူးပေါ့။ အဲဒီတော့ ကလေးမရဘူးပေါ့ကွယ်။ အင်း ဒါပေမဲ့ ဒီဆေးကို သောက်တဲ့အချိန်မှာ အန်ချင်တာ၊ အော်ကလီဆန်တာ၊ ကိုယ်အလေးချိန် တိုးတာ၊ နို့ရောင်တာ၊ သွေးတိုးတာ၊ အထူးသဖြင့် ၃၅ နှစ်အထက် အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ နှလုံးရောဂါ၊ သွေးသွန်တာတို့ အကွက်အပြောက်ထတာ၊ ခြေထောက်နာသလိုလို၊ ရင်ဘတ်နာသလိုလို၊ မျက်လုံးတွေဝါးသလိုနဲ့တော့ ခံစားရတတ်တယ်နော်။ ကဲ ဘာမေးစရာရှိလဲ"ဟု ဟန်ပါပါဖြင့် ပြောလိုက်တော့ ကောင်မလေးတသိုက်က မခေပေ။ "အားလုံးရှင်းပါတယ် မမလေး"ဟု သံပြိုင်နှင့် ပြန်ဖြေကြသည်။

"အိုကေ ဒါဆို ကိုယ့်အလှည့်ပြီးပြီ"
 
"ဟုတ်တယ် ဒီတခါတော့ အီစကို အလှည့်ပဲ" ဟု အမွှာညီအစ်မ အစွမ်းထက်ထက်ဖြင့် ပြဇာတ်တစ်ပုဒ်ကို ကပြသကဲ့သို့ အ၀င်အထွက် ညီလှသည်။ ကောင်မလေးတသိုက်ကလည်း ပွဲကျနေသည်မှာ တချက်မှ ငြီးငွေ့မနေပြန်တော့ မိမိ မိတ်ဆက်ပေးရကျိုး နပ်သည်ဟု သုံးသပ်လိုက်သည်။ အီစကိုကတော့ ဒီပုံအကြောင်း ပြောပြမှာလေဆို၍ ဆေးထိုးအပ်နှင့် ဆေးပုလင်းပုံကို မျက်လှည့်ပြသည့်သူများလို ထုတ်ပြလိုက်တော့ မမလေးက "ပေါရဲလိုက်တာ" ဟု သြ၀ါဒပေးလိုက်သည်။
 
အကြီးမကလည်း "မခနဲ့ နဲ့ အမလေး"ဟု ဆို၍ ကျန်သူများ ပွဲကျနေပြန်သည်။ မမကြီး မျက်နှာပိုးသတ်လိုက်ပြီး "တကယ်တော့ ညီမလေးတို့ ပျင်းသွားမှာစိုးလို့ပါ၊ မမကြီးတို့က ပျော်အောင်လုပ်ပေးတာလေ။ ဒီဆေးနာမည်က ဒီပို လို့ ခေါ်တယ်လေ။ ၃ လခံတာရှိတယ်၊ ၁ လပဲခံတာရှိတယ်၊ ၃ လတစ်ကြိမ် ထိုးတာပဲဖြစ်ဖြစ်၊ တစ်လ တစ်ကြိမ် ထိုးတာပဲဖြစ်ဖြစ် ဆိုးကျိုး ကောင်းကျိုးကတော့ အတူတူပဲပေါ့။" သူမ စကားပြောရင်း အားလုံးကို တချက် ကြည့်လိုက်ရာ ကောင်မလေးများ စိတ်ဝင်တစားကြည့်နေမှ သူမ စကား ဆက်လိုက်ပြန်သည်။

"ကောင်းကျိုးကတော့ ဒီဆေး ၃ လ ထိုးထားတယ်ဆိုရင် ၃ လအတွင်း ဘယ်အချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံပေမယ့် ကိုယ်ဝန် မရှိတော့ဘူးပေါ့။ တစ်လဆေးဆိုရင်လည်း တစ်လ လုံးလုံးကတော့ လိင်ဆက်ဆံပေမယ့် ကိုယ်ဝန် မရှိနိုင်ဘူးပေါ့"

ကောင်မလေးများကို တချက်ပြန်ဝှေ့ကြည့်လိုက်ရင်း "ဆိုးကျိုးကတော့ ဒီဆေးကို တစ်ခါထိုးရုံနဲ့ တချို့တွေက မထိုးပဲ ကလေးယူဖို့ လုပ်တဲ့အချိန်မှာ ကလေးက ဆက်ဝေးနေတယ်။ မရနိုင် ဖြစ်နေတတ်တယ်။ နောက် လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုလည်း သူက ကာကွယ်မပေးနိုင်ဘူးလေ၊ ပျင်းသွားပြီလား"

"မပျင်းပါဘူး၊ အရမ်း စိတ်ဝင်စားနေလို့ပါ" ဟု တိတ်ဆိတ်မှုကို တစ်ယောက်က ဖြိုခွဲလိုက်ပြီး တိုးတိုးရယ်မောသံတွေ ထွက်ပေါ်လာပြန်သည်။

"အင်းပါ မပျင်းရင်တော့ ဘယ်လိုလူတွေ မသုံးရဘူးဆိုတာ ဆက်ပြောမယ်နော်"

"ဟုတ်ကဲ့ပါ မမကြီး"ဟု စာအံသံများကဲ့သို့ တပြိုင်တည်း ထွက်လာကြပြန်သည်။

"မသုံးသင့်တဲ့ သူတွေက ဘယ်လိုလူလဲဆိုရင် ခုနက မမလေးပြောတဲ့ လူနာတချို့ပါတယ်။ ဥပမာ အသဲရောင်နာ ရောဂါရှိတဲ့သူတွေ၊ ကင်ဆာရောဂါ ဖြစ်ခဲ့ဖူးတဲ့သူတွေ၊ နောက် လိင်အင်္ဂါကနေ သွေးသွန်တဲ့ သူတွေ အပါအ၀င် သွေးပေါင်ချိန် (၁၆၀/၁၀၀ )အထက် ရှိတဲ့သူတွေလည်း ပါတယ်။ အဲ ဒါပေမဲ့ ခြေထောက်ရောင်တဲ့သူတော့ သောက်လို့ရတယ်" ဟု မှတ်မှတ်ရရ ပြန်အဖြေပေးလိုက်တာကြောင့် ထိုခြေထောက်ရောင်သူ ကောင်မလေးကလည်း "ဒီတခါ တွတ်ပီတို့ ကံကောင်းသွားပြီပေါ့" ဟု ဆို၍ ဟာသဖောက်လိုက်၍ ပွဲကျသွားပြန်သည်။

"အယ် ဟေ့ ဟေ့ မပြီးသေးဘူး၊ ဆက်ပြောပြမယ်နော်၊ ဒီဆေးကိုထိုးရင် ခံစားရတာတွေ ရှိတယ်။ အဲဒါက ဘယ်လိုလဲဆိုရင် ကိုယ်အလေးချိန် တိုးလာတာမျိုးတွေ ဖြစ်နိုင်တယ်။ ရာသီလာတာ ရပ်သွားနိုင်တယ်။ နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်ဖို့အတွက် အကြာကြီး စောင့်ရနိုင်တယ်။ စိတ်ဓါတ်ကျတာတို့၊ မူးဝေတာတို့၊ ခေါင်းကိုက်တာတို့၊ သွေးဆင်းတာ မမှန်တာတို့ ဖြစ်နိုင်တယ် ဆိုတာမျိုးတွေတော့ ခံစားရတတ်တယ်နော်။ အဲဒါကိုတော့ မမေ့နဲ့"

"ဟာ ဆေးတွေကလည်း ကောင်းကျိုးထက် ဆိုးကျိုးတွေကတောင် ပိုများနေသလိုပဲနော်"။ တစ်ယောက်မှတ်ချက်ကို နောက်တစ်ယောက်က ထောက်ခံလိုက်သည်။ "ဟုတ်တယ် ကွန်ဒုံးလောက် ဘာမှအသုံးမကျဘူး"ဟု ဆိုလိုက်တော့ နောက်တစ်ယောက်က "ဟယ် အစွမ်းထက်တာလေးက နင်မေ့နေပြီလား၊ ကွန်ဒုံးမသုံးတော့ မိုးကာဝတ်ပြီး ရေချိုးသလို မဖြစ်တော့တာလေ" ဟု တစ်ယောက်က ပြန်ဖြေလိုက်တော့ အားလုံး မျက်နှာနီနီနှင့် ပွဲကျသွားသည်။ မိမိ ဒီပွဲမှာတော့ ဖြတ်မှ ဖြစ်တော့မည်ဆိုတော့ ရယ်မောရင်း "ကဲ ဒီနေ့ ဒေါ်လေးမာန်ခေါ်လာတဲ့ မိတ်ဆွေသစ်တွေကို သမီးတို့တတွေ သဘောကျရဲ့လား၊ မေးချင်တာလေးတွေလည်း တခါတည်း မေးထားလိုက်နော်။ နောက်တစ်ကြိမ် ဒေါ်လေးမာန်က ပြောဖြစ်တော့မှာ မဟုတ်ဘူး"

" မမကြီးနဲ့ မမလေးက အရမ်းပျော်တတ်တော့ သမီးတို့လည်း ပျော်တာပေါ့နော်။ အကြောင်းအရာတွေလည်း အများကြီးသိရတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ သိချင်တာလေး တစ်ခုတော့ ရှိတယ် မေးလိုက်မယ်နော်"

"မေးလိုက်လေ မေးလိုက်၊"။ တစ်ယောက်က ရှေ့တော်ပြေးစကားခံလိုက်၊ မြှောက်ပေးလိုက်သည်ကို "ဟို မမလေးက ကလေးသုံးယောက် ရှိတယ်ပြောတယ်နော်၊ မမကြီးကရော ဟင်"

"မမကြီး ခပ်တည်တည်မျက်နှာပေးဖြင့် အားလုံး အာရုံစူးစိုက်မှုကို ရယူပြီး "တကယ်တော့ ဒို့က ကံဆိုးတာပါ၊ ၁ နာရီနဲ့ ၄ မိနစ်လောက်ကွာတဲ့ ညီမရဲ့ အနိုင်ကျင့်ဒဏ်ကို ခံလိုက်ရတာပါ။ သူ့ကလေးတွေကို ကြည့်နေတာနဲ့ ဒို့ အိမ်ထောင်ကျတာတောင် နောက်ကျသွားတာလေ။ ခုထိ ကလေးမရသေးဘူး" ဟု ဖြေလိုက်တော့ တိုးတိုးရယ်မောသံတွေကို ကျယ်လောင်သွားစေရန် "မဟုတ်ပါဘူးကွယ် တကယ်တော့ မမလေးက လှတော့ အရင် စွံသွားလို့ပါကွယ်" ဟု သနားကမား မျက်နှာပေးနှင့် ပြောလိုက်ပုံက ဇာတ်သရုပ်ဆောင်တွေလိုပင်။

အင်းလေ အားလုံးက ပျော်နေကြတာဆိုတော့ မိမိကိုယ်တိုင်လည်း ပီတိပြုံးတွေနဲ့ ဒီရက်လေးကို ကုန်ဆုံးရတာပေါ့။ လူငယ်လေးတွေရဲ့ မျက်နှာမှာ သာမာန်ဆွေးနွေးမှုများလို မေးခွန်းထုတ် ဆွေးနွေးလာကြတော့ ကျန်းမာရေးပဲ ပြောရမှာပေါ့ဟု စိတ်ထဲမှာ ၀င်ရောက်နေပြီ ဆိုတာကိုတော့ မိမိ နားလည် ကျေနပ် ပီတိ ဖြစ်လိုက်ပါသည်။
 

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. မျိုးဆက်ပျံ့ပွားခြင်းဆိုင်ရာ အမျိုးသမီးများ အခွင့်အရေးအကြောင်း တစေ့တစောင်း
  2. အပျိုစင်လေးများအတွက် သိကောင်းစရာ (၉)
  3. အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေများ
  4. အပျိုစင်လေးများအတွက် သိကောင်းစရာ (၇)
  5. အပျိုစင်လေးများအတွက် သိကောင်းစရာ (၆)
  6. အပျိုစင်လေးများအတွက် သိကောင်းစရာ (၅)
  7. အပျိုစင်လေးများအတွက် သိကောင်းစရာ (၄)
  8. အပျိုစင်လေးများအတွက် သိကောင်းစရာ (၃)
  9. အပျိုစင်လေးများအတွက် သိကောင်းစရာ (၂)
  10. အပျိုစင်လေးများအတွက် သိကောင်းစရာ

    1.  

      ထင်မြင်ချက်များ

      ချစ်စု
      အရမ်းဖတ်လို့ကောင်းပါတယ်
       

      MRS.R
      မန်မာနိုင်ငံမှာ...အတော်များနေပြီလား..ဆိုတာ...တခြားမဟုတ်ပါဘူးဗျာ... လင်ကောင်မပေါ်ပဲ ကလေးမွေးတဲ့ကိစ္စတွေ...အတော်များနေတာကိုပြောချင်တာပါ....။ ပြီးခဲ့တဲ့အပတ်ကထုတ်တဲ့ Messenger ဂျာနယ်မှာ သတင်းတစ်ပုဒ်ပါတယ်..။ ရန်ကုန်ကလေးဆေးရုံအုပ်ကြီး.ဒေါက်တာအောင်ကြည်ဝင်းကိုယ်တိုင်ပြောတာပါ...။ ရန်ကုန်ကလေးဆေးရုံကြီးမှာ...ကလေးလာမွေးပြီး စွန့်ပစ်ထားခဲ့တဲ့ကလေး(၁၀၀)ယောက်ခန့် လစဉ်ရှိတယ်တဲ့.........။ လာမွေးတဲ့သူအများစုက နေရပ်လိပ်စာကို..လိမ်ပြီးဖော်ပြကြတယ်..။ အများစုကတော့..နယ်လိပ်စာတွေ လိမ်ပေးကြတယ်..။ ကလေးမွေးပြီးတာနဲ့ အမေလုပ်တဲ့သူက ကလေးချန်ထားခဲ့ပြီး ပျောက်သွားကြရောတဲ့.......။ ဒီတော့ဗျာ...လူငယ်သဘာဝSexကိစ္စဖြစ်နေကြာတာတွေ..မြန်မာနိုင်ငံမှာအတော်များနေပြီဆိုတာ ရင်လေးစရာသိလိုက်ရတာပါပဲ...။ သွေးသားတောင့်တတုံးကတော့ လိုလိုချင်ချင်နဲ့ ကုန်းလိုက်ကြ ၊ ဗိုက်ကြီးလာတော့...မွေးလိုက်ကြ..၊ ဘာမှမသိရှာတဲ့ လူမမယ်ကလေးတွေကို မိဘမဲ့အနေနဲ့စွန့်ပစ်ကြနဲ့ ကျွန်တော်တို့နိုင်ငံမှာ..အတော်ပျက်စီးနေကြပြီလားဗျာ.
       

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;