စွယ်တော်ရိုင်းပင်ရိပ်က အင်နာစတာရှား
ကယန်းအမျိုးသမီးတစ်ဦး
လူ့အဖွဲ့အစည်းအား လိင်သဘောအရ ကြည့်လျှင် အဖိုနှင့်အမ၊ (သို့မဟုတ်) အမျိုးသားနှင့် အမျိုးသမီးဟူ၍ အခြေကျဆုံး ယူနစ်နှစ်ခုကို တွေ့နိုင်ပါသည်။ ဤဆန့်ကျင်ဘက် လိင်နှစ်မျိုးအနက် တခုခုမရှိလျှင် လူ့အဖွဲ့အစည်းဟူ၍လည်း မတည်ရှိနိုင်တော့ပါ။ ထို့ကြောင့် လူ့အဖွဲ့အစည်း တည်ရှိ ဖြစ်ပေါ်နိုင်ရေးအတွက် အဖိုရော၊ အမပါ တန်းတူအရေးပါသည်ဟု ဆိုရပါမည်။
ယနေ့ကမ္ဘာတွင် လူဦးရေ သန်းပေါင်း ၅၅၀၀ ကျော်ရှိပြီဟု ဆိုပါသည်။ မြန်မာပြည်တွင်လည်း လူဦးရေ လေးဆယ့်ငါးသန်း ရှိနေပါပြီ။ ကမ္ဘာတွင်ဖြစ်စေ၊ မြန်မာတွင်ဖြစ်စေ လူဦးရေ၏ တစ်ဝက်ခန့်မှာ အမျိုးသမီးများ ဖြစ်ပါသည်။ လူ့အဖွဲ့အစည်း တည်တံ့ ဖြစ်ပေါ်ရေးအတွက် လူသားတိုင်းတွင် အခြေခံအကျဆုံး တာဝန်ကြီးနှစ်ရပ် ရှိသည်ဟု ဆိုနိုင်ပါသည်။ ထိုတာဝန်နှစ်ရပ်မှာ ကုန်ထုတ်လုပ်ရေး တာဝန်နှင့် လူသားမျိုးဆက် ထိန်းသိမ်း ပြန့်ပွားရေးတာဝန်တို့ ဖြစ်ပါသည်။ လူ့သမိုင်းတလျှောက် ထိုတာဝန်ကို အမျိုးသားများနည်းတူ အမျိုးသမီးများလည်း ထမ်းဆောင်ခဲ့ကြပါသည်။
တချိန်တည်းမှာပင် ကမ္ဘာမှာဖြစ်စေ၊ မြန်မာမှာဖြစ်စေ ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်ဆဲ ဖက်ဆစ် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသား လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး စသည့် တိုက်ပွဲများတွင်လည်း အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူကျရာနေရာမှ သဏ္ဍာန်မျိုးစုံနှင့် ပါဝင်ခဲ့ကြပါသည်။ လူသား၊ လူ့အဖွဲ့အစည်းအတွက် ထိုသို့တိုက်ပွဲဝင်ရင်း မထင်မရှား ကျဆုံးသွားခဲ့သူများလည်း များစွာရှိခဲ့ပါသည်။ ထိုတိုက်ပွဲဝင် အမျိုးသမီးများအနက် မြန်မာနိုင်ငံရှိ “ကယန်းပြည်သစ် တော်လှန်ရေး” အဖွဲ့အစည်း၏ လက်နက်ကိုင် တော်လှန်ရေးအတွင်း ၁၂ နှစ်တာမျှ တာဝန်ထမ်းဆောင်ရင်း မထင်မရှား ကျဆုံးခဲ့သော ကယန်းရဲဘော်မ “အင်နာစတာရှား” အကြောင်း အကျဉ်းမျှတင်ပြလိုပါသည်။
အင်နာစတာရှားသည် ကယန်းအမျိုးသမီး တစ်ဦးဖြစ်ပြီး ရိုမန်ကက်သလစ် ဘာသာဝင် တစ်ဦး ဖြစ်ပါသည်။ သံတောင်မြို့နယ်၊ မောင်ဘလောက်ကျေးရွာ၊ အဖ ဦးဆန်လျို၊ အမိ ဒေါ်လှိုင်နီတို့မှ မွေးဖွားသော သားသမီး ၆ ယောက်အနက် အကြီးဆုံး ဖြစ်ပါသည်။ မိဘမျိုးရိုးမှာ တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် အသက်မွေးကြသော ရိုးသားသည့် တောင်ပေါ်သားများ ဖြစ်ပါသည်။ အင်နာစတာရှားသည် ငယ်စဉ်က လိပ်သိုမြို့တွင် ၈ တန်းအောင်သည်အထိ ကျောင်းနေခဲ့ပြီး ကျောင်းဆက်မတက်နိုင်တော့သဖြင့် ကျောင်းမှထွက်ခဲ့ရပါသည်။ ရိုမန်ကက်သလစ် သီလရှင်တစ်ပါးဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် အစိုးရ စာသင်ကျောင်းမရှိသော မွေးရပ်မြေသို့သာ ပြန်ကာ ရပ်ရွာလူထုဆန္ဒအရ ကလေးများကို စာသင်ကြားပေးခဲ့ပါသည်။
ထိုစဉ်က မြန်မာနိုင်ငံတွင် တော်လှန်ရေးကောင်စီ အမည်ဖြင့် စစ်အုပ်စုက အာဏာသိမ်းထားချိန် ဖြစ်ပါသည်။ ကယန်းအမျိုးသားများကလည်း ၄င်းတို့၏ လူမျိုးစုအခွင့်အရေးအတွက် ၁၉၆၄ ခုနှစ်မှစ၍ လက်နက်ကိုင် တိုက်ပွဲဝင်နေချိန် ဖြစ်သည်။ ကယန်းဒေသ တခုလုံးမှာ စစ်အစိုးရ၏ စစ်ရေး ထိုးစစ် အကြီးအငယ်အမျိုးမျိုး ရင်ဆိုင်နေရပြီး စစ်မြေပြင်အဖြစ် မီးဟုန်းဟုန်း တောက်လောင်နေချိန်လည်း ဖြစ်ပါသည်။
“တစ်နွယ်ငင် တစ်စင်ပါ” ဆိုသကဲ့သို့ လူထုကျောင်းဆရာမလေး အင်နာစတာရှားမှာလည်း ၁၉၇၇ ခုနှစ်တွင် ဆရာမဘ၀မှ တော်လှန်ရေး ရဲဘော်မဘ၀သို့ ပြောင်းလဲလာခဲ့ရပါသည်။ ကယန်းပြည်သူတို့၏ လူနေမှုဘ၀မှာ လွန်စွာ ဆင်းရဲနိမ့်ကျပါသည်။ တစ်ခုလုံးအရ ပြောလျှင် နှစ်ပေါက်ဝမ်းစာ ဖူလုံသည်ဟူ၍ မရှိပါ။ လမ်းပမ်း ဆက်သွယ်ရေးမှာလည်း များစွာခက်ခဲပြီး ပညာရေး၊ ကျန်းမာရေး အခြေအနေမှာလည်း လွန်စွာနောက်ကျသည့် အခြေအနေဖြစ်ပါသည်။ ထို့ကြောင့် ကယန်း တော်လှန်ရေးသမားများ၏ အခြေအနေမှာလည်း များစွာ ခက်ခဲကြမ်းတမ်းလှပါသည်။ ယူနီဖေါင်းဟူ၍ ပြည့်ပြည့်စုံစုံ မ၀တ်နိုင်ပါ။ အရပ်ဝတ်တစ်ပိုင်း၊ စစ်အ၀တ်တစ်ပိုင်းနှင့် စစ်တိုက်ရပါသည်။ ကားတာယာဖြင့် ပြုလုပ်သော ကွင်းထိုးဖိနပ်များကိုသာ အများအားဖြင့် စီးနိုင်ကြပါသည်။ လူထု ထမင်းစားရသည့်အခါ တော်လှန်ရေးသမားများလည်း ထမင်းစားနိုင်ကြပြီး လူထု ထမင်းငတ်သည့်အခါ လူထုနည်းတူ မျှစ်ပြုတ်၊ ဒညင်းသီးပြုတ်၊ ပြောင်းစေ့ပြုတ်များကိုပင် တော်လှန်ရေးသမားများလည်း စားကြရသည်။ စခန်းချသည့်အခါ တဲအမိုးအဖြစ် အသုံးပြုသည့် ပလပ်စတစ် မိုးကာစကိုပင် စေ့ငှအောင် မသုံးစွဲနိုင်ပါ။ တောင်ထန်းဖက်၊ ငှက်ပျောဖက်နှင့် တောင်စွန်ဖက်များကိုသာ အားကိုးကြရသည်။
သာမန်အမြင်အရ ကြည့်လျှင် ရုပ်ရည် ချောမောသိမ်မွေ့သော အသက် (၁၈)နှစ်အရွယ် မိန်းမပျိုကလေး အင်နာစတာရှားမှာ ခက်ထန်လှသော တော်လှန်ရေးဘ၀နှင့် ကိုက်ညီခြင်းမရှိဟု ထင်နိုင်စရာရှိပါသည်။ သို့သော် အင်နာစတာရှား တစ်ယောက် ထိုခရီးကြမ်းကြီးကို ဖြတ်သန်းရင်း ရင့်ကျက် ကြံ့ခိုင်လာပါသည်။ သူ တာဝန်ယူရသော ကြေးနန်းဆက်သွယ်ရေး လုပ်ငန်းတွင် ကျွမ်းကျင်လာပြီး အဖွဲ့အစည်း၏ ယုံကြည်အားကိုးမှုကို ခံယူနိုင်ခဲ့ပါသည်။ တော်လှန်ရေးအတွင်း နှစ်အချို့ဖြတ်သန်းခဲ့ပြီး အဖွဲ့အစည်း၏ ခေါင်းဆောင်တစ်ဦးနှင့် လက်ထပ်ခဲ့ပါသည်။ အိမ်ထောင်သည်ဘ၀ ရောက်သည့်တိုင်အောင် တော်လှန်ရေးတာဝန်များကို တက်ကြွစွာ ထမ်းဆောင်နိုင်ခဲ့ပါသည်။ ထို့နောက် ခင်ပွန်းသည် တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပါသည်။ သို့သော် အင်နာစတာရှားသည် တွေဝေခြင်းမရှိပဲ ကြေကွဲမှုကို ခွန်အားဖြင့်ပြောင်းကာ တော်လှန်ရေး ခရီးကြမ်းကြီးပေါ်တွင် ဆက်လက်ချီတက်ခဲ့ပါသည်။ ခင်ပွန်းသည် ကျဆုံးပြီး ၄ နှစ်အကြာ ၁၉၈၆ ခုနှစ်တွင် အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် ဒုတိယခင်ပွန်းလောင်းနှင့် နှစ်ဦးသဘောတူလက်ထပ်ခဲ့ပါသည်။
ဒေသသစ် တိုးချဲ့ရေးတပ်ဖွဲ့တွင် ခင်ပွန်းနှင့်အတူ ဆင်းရဲပင်ပန်းခံ လှုပ်ရှား တာဝန်ယူခဲ့ပါသည်။ ထိုတပ်ဖွဲ့တွင် အမျိုးသမီးဟူ၍ အင်နာစတာရှား တစ်ဦးတည်းသာရှိပါသည်။ လေးလံလှသော ဓါတ်ခဲ (၁၈) လုံးသုံး တရုတ် ကြေးနန်းစက်ကြီးကို ကျောပိုးရပါသည်။ ခါးတွင် သေနတ်တိုတစ်လက်နှင့် ကျည်ဆံများ၊ ဘေးလွယ်အိတ်တွင် ကြေးနန်းဆိုင်ရာ စာရွက်စာတမ်းများ၊ လေ့လာရေး စာစောင် စာတမ်းများပါရှိသဖြင့် အလေးချိန်မှာ မနည်းလှပါ။ သူတို့ဇနီးမောင်နှံ၏ အ၀တ်အစားထည့်သည့် ကျောပိုးအိတ်နှင့် ဓါတ်ခဲ (၁၈)လုံးပါ ၀ါးပြောင်းနှစ်လုံးကို ခင်ပွန်းဖြစ်သူက သယ်ယူရပါသည်။ မတ်ခွက်နှင့် အနည်းဆုံး ၆ ခွက်၊ အများဆုံး ၁၀ ခွက်အထိပါသော ဆန်ပိုက်ကိုပင် အင်နာစတာရှားက ခင်ပွန်းသည်အား သယ်ခွင့်မပေးပဲ သူကိုယ်တိုင်သယ်ပါသည်။ စစ်ရေးအခြေအနေကြောင့် မအိပ်ရသောညများ၊ ထမင်းငတ်သောနေ့များ၊ ဖိနပ်မစီးရသော ဗလာခြေများဖြင့် အမြင့်ဆုံးတောင်ကို တက်ခဲ့ရပါသည်။ အနက်ဆုံး လျှိုကို ဆင်းခဲ့ရပါသည်။ အမှောင်ဆုံးတောကို တိုးခဲ့ရပါသည်။ တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ခဲ့ရပါသည်။ သို့သော် အင်နာစတာရှား စိတ်ဓါတ်မကျပါ။
အင်နာစတာရှား၏ ရိုးသားတည်ကြည်မှု၊ တာဝန်ယူစိတ်ရှိမှု၊ နိုင်ငံရေးအမြင်ကျယ်မှုတို့ကြောင့် အဖွဲ့အစည်းရှိ ခေါင်းဆောင်၊ ရဲဘော်များသာမက မဟာမိတ်များအတွင်း၊ လူထုများအတွင်းမှာပင် သတင်းမွှေးခဲ့ပါသည်။ ယုံကြည်လေးစားမှု ခံခဲ့ရပါသည်။
“ကျမ ကယန်းလူမျိုးကို သိပ်ချစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးကိုချစ်တာ တခြားလူမျိုးကို မုန်းဖို့မဟုတ်ဘူးလို့ ကျမနားလည်တယ်။ ဘ၀တူ အဖိနှိပ်ခံလူမျိုးတွေ၊ လူတန်းစားတွေကို ကျမစာနာတယ်။ သူတို့နဲ့ကျမတို့ ညီညွတ်ရမယ်၊ လက်တွဲရမယ်၊ ဘုံရန်သူကို ဦးတည်တိုက်ရမယ်၊ တခြားအဖိနှိပ်ခံတွေ မလွတ်မြောက်ပဲ ကျမတို့ ကယန်းလူမျိုးတွေလည်း လွတ်မြောက်မှာ မဟုတ်ဘူး”
ဤသည်မှာ အင်နာစတာရှား မကြာခဏ ပြောလေ့ရှိသော စကားဖြစ်ပြီး သူခံယူထားသော မျိုးချစ်စိတ်ဓာတ်၏ အတွင်းသဘောလည်း ဖြစ်ပါသည်။ ထိုအချိန်က ကယန်းပြည်သစ်အဖွဲ့အစည်း ပါဝင်ဖွဲ့စည်းထားသော (လပဒတ) တပ်ပေါင်းစုတွင် အင်နာစတာရှားတစ်ယောက် တပ်ပေါင်းစု စစ်ဒေသ အမျိုးသမီးအစည်းအရုံး ဥက္ကဋ္ဌ အဖြစ်လည်း တာဝန်ယူခဲ့ပါသည်။
သားသမီးတစ်ဦးမှ မရှိသဖြင့် သူတို့ဇနီးမောင်နှံ သားသမီးယူရန် သဘောတူ ဆုံးဖြတ်ခဲ့ပါသည်။ ၂၄ - ၄ - ၈၉ ရက်နေ့တွင် သမီးဦး “စောမြနွယ်”ကို ခက်ခဲပင်ပန်းစွာ မွေးဖွားခဲ့ရပါသည်။ သို့သော် တော်လှန်ရေးအတွင်း ဆင်းရဲပင်ပန်းလွန်းခြင်း၊ အလေးအပင်များထမ်းရခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အသက် ၃၀ အရွယ်မှ သမီးဦးကို မွေးဖွားရခြင်းတို့ကြောင့် အင်နာစတာရှား တစ်ယောက် သမီးမွေးပြီးသည်နှင့် အိပ်ယာပေါ် ဘုန်းဘုန်း လဲပါတော့သည်။ ထိုစဉ်က ရန်သူသည် ကယန်းဒေသအတွင်း ဖြတ်လေးဖြတ်နှင့် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲများလည်း နေ့စဉ်လို ဖြစ်နေပါသည်။ စားရေး သောက်ရေးမှာလည်း များစွာခက်ခဲနေပါသည်။ အတွေ့အကြုံရှိသော ဆေးမှူးများမှာလည်း ရှေ့တန်းတပ်များသို့သာ ရောက်နေကြပါသည်။ ခေါင်းဆောင်ဖြစ်သော ခင်ပွန်းသည်က အတွေ့အကြုံရှိသော ဆေးမှူးတစ်ဦးကို ရှေ့တန်းမှ ပြန်ခေါ်ရလျှင် ကောင်းမည်ထင်ကြောင်း အကြံပေးပါသည်။ “ရှေ့တန်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်။ ရဲဘော်တွေလည်း ဒဏ်ရာရတယ်လို့ ကြားရတယ်။ ဒီလိုအချိန်မျိုးမှာ ကျမအတွက် သီးသန့်အထူး စီစဉ်တာမျိုး မလုပ်ချင်ဘူး” ဟု ငြင်းပယ်ခဲ့သည်။ ခေါင်းဆောင်ဖြစ်သော ခင်ပွန်း၏ အရှိန်အ၀ါကို သုံး၍ မိမိတစ်ဦးချင်းကိစ္စကို အလေးပေးရန် အင်နာစတာရှား ၀န်လေးခဲ့ပါသည်။ သည်လိုနှင့်ပင် အင်နာစတာရှား အခြေအနေ တနေ့တခြားဆိုးရွားလာပါသည်။ စခန်းတွင်ရှိသော ဆေးရဲမေမှာလည်း ကျွမ်းကျင်သူမဟုတ်ပါ။ ဆေးဝါးလည်း ပြည့်စုံလုံလောက်စွာ မရှိပါ။ မိခင်နို့မထွက်သဖြင့် သမီးကိုလည်း နို့ဗူးတိုက် မွေးနေရပေသည်။ မိခင်အတွက် အာဟာရရှိသော အစာနှင့်ဆေးလည်းမရ၊ သမီးအတွက် နို့မှုန့်ပင် အလျဉ်းမရှိပါ။ ရပ်ရွာနှင့်လည်းမနီး၊ အဆက်အသွယ်လည်း လုပ်မရသည့် အခြေအနေဖြစ်ပါသည်။ ချစ်ဇနီးနှင့် သမီးအတွက် စိတ်ထိခိုက်နေသော ခင်ပွန်းသည်က မျက်ရည်များ ၀ိုင်းလာသည့်တိုင် အင်နာစတာရှားကမူ မျက်ရည်တစ်စက်မှ မကျပါ။ ဝေဒနာ ခံစားနေရသည့်ကြားမှ အားယူပြုံးကာ ခင်ပွန်းသည်၏ လက်ကို ဆုပ်ကိုင်ဖျစ်ညှစ်ရင်း နှစ်သိမ့်လိုက်ပါသေးသည်။
သမီးမွေးပြီး ဆယ်ရက်မြောက်သောနေ့တွင်ဖြစ်သည်။ “ကျမ မနေရတော့ဘူး၊ အစ်ကို တော်လှန်ရေး ဆက်လုပ်ပါ။ သမီးကိုလည်း ဂရုစိုက်ပါ” ဟု တိုးညှင်းစွာ မှာကြားရင်း ၄ - ၅ - ၈၉ ရက်နေ့တွင် အင်နာစတာရှား ကျဆုံးသွားခဲ့ပါသည်။ အင်နာစတာရှားအား ကောင်းမွန်စွာ သင်္ဂြိုလ်ခွင့် မရပါ။ ခင်ပွန်းသည်သည် ဆယ်ရက်သမီး ကလေးငယ်ကို ပွေ့ပိုက်ကာ ရဲဘော်နှစ်ဦး၏ အကူအညီဖြင့် ကင်းလိုက်တောင်တန်း တောကြီးမျက်မည်းတနေရာ တောစွယ်တော်ရိုင်း၏ ပင်ခြေတွင် လူမသိသူမသိ တိတ်တဆိတ် ငြိမ်သက်စွာ အလောင်းမြေချခဲ့ရပါသည်။
အင်နာစတာရှား ဘ၀ကိုကြည့်လျှင် သူ့အသက်၏ တစ်ဝက်နီးပါးမှာ တော်လှန်ရေး ခရီးကြမ်းကြီးဖြစ်ပါသည်။ သူတစ်ဦးချင်း ကိုယ်ကျိုးဟူ၍ ဘာတစ်ခုမှမရှိခဲ့ပါ။ အရာရာကို စွန့်လွှတ်ပြီး နောက်ဆုံးထွက်သက်အထိ ဆောင်ရွက်နိုင်ခဲ့သော အညတရ တော်လှန်ရေး ရဲဘော်မတစ်ဦး ဖြစ်ပါသည်။
အင်နာစတာရှားသည် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး၊ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ကြရသည့် အမျိုးသမီး အာဇာနည်များအနက် အညတရ တစ်ဦးမျှသာ ဖြစ်ပါသည်။ သို့သော် သူသည် အမျိုးသမီးများကိုယ်စား အမျိုးသမီးထု၏ အမှန်တရားမြတ်နိုးမှုကို အသက်နှင့်လဲပြီး ကာကွယ်ခဲ့သူ ဖြစ်ပါသည်။ အညတရ အမျိုးသမီး အာဇာနည်တို့၏ “ဒီမိုကရေစီ ချစ်မြတ်နိုးစိတ်” အဓွန့်ရှည်ပါစေ။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;