အပျိုစင်လေးများအတွက် သိကောင်းစရာ (၉)
ဒေါ်လေးမာန်
ဒီနေ့ သူငယ်ချင်း ကျမအိမ်ကို ရောက်လာတော့ ကျမ မိတ်ဆွေငယ်လေးများရှိရာ သူမအိမ်သို့ အတူတကွ ကားစီးလာခဲ့သည်။ သူမအိမ်နှင့် ကျမအိမ်မှာ ကားမှတ်တိုင် ၇ မှတ်တိုင်လောက်သာ သွားရသည်။ ကားပေါ်ရောက်တော့ သူမက ...
“မာန်ရယ် ရှင့်ကို တစ်ခုပြောရအုံးမယ် သိလား။ သမီးတို့နဲ့ ရှင်ဆွေးနွေးနေတာတွေကို တချို့သူတွေက ဝေဖန်နေကြတယ်တဲ့။”
“ဟင် ဘာဖြစ်လို့လဲ” ကျမ အမှန်တကယ်ပင် အံ့သြသွားရသည်။
“သြော် ကလေးတွေကို မျိုးပွားအင်္ဂါ ကျန်းမာရေးနဲ့ ပတ်သက်လို့ နားလည်အောင် ပြောပေးနေတယ်လို့ မထင်ပဲနဲ့ လိင်မှုဆိုင်ရာ စိတ်ဝင်စားစရာတွေကို ကလေးတွေကို ပြောနေတယ်လို့ ပြောနေကြတယ်တဲ့”
“အင်း ... အဲဒါခက်တယ်။ ငါတို့မြန်မာပြည်မှာ ဒီအကြောင်းတွေကို မပြောသင့်ဘူး။ မပြောရဘူးလို့ ထင်နေတာ။ ဒီတော့ သမီးမိန်းကလေး၊ အမျိုးသမီးတွေက မျိုးပွားအင်္ဂါ ကျန်းမာရေးကို နားမလည်ကြတော့ မထိန်းသိမ်း၊ မကာကွယ်နိုင်ကြဘူးဟယ်။ ပြီးတော့လည်း ပြဿနာက မသိလို့ မကာကွယ်တော့ ဒုက္ခရောက်တယ် ဒီတော့ပိုဆိုးတာ။ နားလည်တာ သိတာက နားမလည်တာ မသိတာနဲ့ စာရင် ပိုကောင်းတာပဲ မဟုတ်လားဟင်။ သူများနိုင်ငံမှာဆိုရင် နားလည်ဖို့သိဖို့ကို ၁၃ နှစ်ကတည်းကစပြီး အခြေခံသင်ပေးကြတာ”
“အေးလေ၊ ငါကတော့ကြားရင် တတ်နိုင်သလောက် ရှင်းပြပေးပါတယ်။ ဒါပေမဲ့ ရှင့်လိုတော့ အကျယ်တ၀င့် မရှင်းပြတတ်ဘူးပေါ့။ ဒါကြောင့် ရှင့်ကိုပြောပြရတာ၊ စိတ်မကောင်း ဖြစ်မသွားနဲ့အုံး။ ကလေးတွေက အရမ်းစိတ်ဝင်စားပြီး တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ပြောနေကြတာနော်။ ဆွေးနွေးတာလေးတွေ ရပ်မပစ်လိုက်နဲ့။”
“သြော်... စေတနာအကျိုးဆိုတာ ငါယုံပါတယ်။ တန်ဖိုးထားပြီး လေးစားတတ်တဲ့ ကလေးတွေကိုတော့ ငါဘယ်ပစ်ထားပါ့မလား...ပြောကြတဲ့သူတွေက ဒို့တတွေရဲ့ အခြေခံ ဆွေးနွေးချက်လေးတွေ သိမှမသိတာ ဒီတော့ ဒီလိုပဲပြောမှာပေါ့။”
“အေးပါ ရှင့်ကို ကျမယုံပါတယ်၊ ရှင်က ဘယ်တော့မှ နောက်မဆုတ်တတ်ဘူး ဆိုတာလေ။”
“ဟင်း ဟင်း ဟင်း”
နှစ်ယောက်သား ရယ်မောရင်း ကားမှတ်တိုင်မှဆင်း၍ သူငယ်ချင်းအိမ် (ကျမမိတ်ဆွေငယ်လေးများ ရှိသည့် စကားဝိုင်းလုပ်နေကျ နေရာ) သို့ လမ်းလျှောက်လာခဲ့ရင်း ရယ်မောစရာ အကြောင်းအရာများ ပြောလာကြသည်။ သို့သော် မိမိ၏ စိတ်ထဲတွင်တော့ အင်း... ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်ကိုတော့ နားလည်မှုရအောင် နည်းတစ်မျိုးမျိုးနဲ့တော့ ကြိုးစားကြည့်အုံးမှပဲဟု မှတ်ထားလိုက်သည်။ မိမိနှင့်ပတ်ဝန်းကျင်၏ ဆက်စပ်မှုကိုမိမိအနေဖြင့် နားလည်မှုမလွဲလိုပါ။ မိမိတို့နှစ်ယောက် ရောက်သွားတော့ ကလေးများက၀ိုင်း၍ “ဘယ်တစ်ယောက် ဖက်ရှင်ပိုလှလဲ” ဟု ၀ိုင်းနောက်ပြောင်ရင်း နေရာယူလိုက်ကြသည်။ ၀မ်းသာအားရနှင့် ကြိုဆိုတတ်သော ဒီကလေးများကို နည်းမှန်လမ်းမှန်ကို သိစေချင်သည့် “စေတနာ ရောင်ပြန်ဟပ်ခြင်း” ဟုသာ ခပ်တည်တည်နှင့် ကိုယ့်ဖက်ကိုယ် တွေးပစ်လိုက်သည်။ ကလေးများက “ဒီနေ့ ဧည့်သည်မပါဘူးလား” ဟုမေးသောကြောင့်...
“အေးကွယ် မပါတော့ဘူး၊ ဘယ်လိုလဲ ဒေါ်လေးမာန် စကားပြောမှာကို နားမထောင်ချင်တော့ဘူး ထင်တယ်”
“ဟာ မဟုတ်ပါဘူး ဒေါ်လေးရဲ့၊ တုတုကတောင် ဒေါ်လေးမာန် ဒီတစ်ပတ် ဘယ်သူ့မှ မခေါ်လာပဲ တစ်ယောက်တည်းပြောရင် ကောင်းမယ်တဲ့။”
မိမိသူငယ်ချင်းက ခပ်လှမ်းလှမ်းမှ ထိုင်ရင်း ပခုံးတွန့် ပြုံးစိစိနှင့် ကြည့်သည်ကို အမှတ်တမဲ့ လှမ်းမြင်လိုက်တော့ မိမိအနည်းငယ်ပြုံးရင်း
“ဟုတ်ပါပြီကွယ် အားပေးတဲ့သူတွေအတွက် ဒေါ်လေးမာန် အားမွေးထားပါတယ်။ ဒီနေ့တော့ လွန်ခဲ့တဲ့အပတ်က ဆွေးနွေးခဲ့တဲ့ အကြောင်းရဲ့အဆက်ပေါ့။ ကဲ ဒီမှာကြည့်...”
“အဲဒါဘာပုံလဲဟင်”
“သြော် နင်ကလည်း လောလိုက်တာ ဒေါ်လေးမာန်ပြောမှာပေါ့”။ မိမိအနည်းငယ်ပြုံးလိုက်ပြီး...
“အဲဒါကို နော်ပလပ်လို့ခေါ်တယ်။ တွေ့လား ဆေးအပ်သေးသေးလေး”
“ဟုတ် တွေ့ပါတယ် ဒေါ်လေး”
“အင်း အဲဒါကို လက်မောင်းအရေပြားအောက်ကို ထိုးသွင်းရတာလေ”
“ဟယ် ကြောက်စရာကြီး နာတော့မှာပဲ၊ ဒါလည်း တမျိုးပဲလား” ဟု တစ်ယောက်က အာမေဋိတ်သံနှင့် မေးတော့...
“ဟုတ်တယ်ကွယ့်၊ ဒါပေမဲ့ ဒီအတိုင်းတော့ အဲဒီ နော်ပလပ်လို့ခေါ်တဲ့ အရေပြားအောက် သန္ဓေတားနည်းကို ဒီအတိုင်း ဘယ်ထိုးထည့်မလဲကွယ်။ မနာကျင်အောင် ထုံဆေးထိုးပြီးမှ ထိုးသွင်းရမှာပေါ့။ ဒါလေးကတော့ ၉၉ ရာခိုင်နှုန်းလောက် ကိုယ်ဝန်မဆောင်အောင် စွမ်းဆောင်နိုင်တာပေါ့ကွယ်”
“အမလေး တစ်လ တစ်ကြိမ်သာ ထည့်ရမယ်ဆိုရင်တော့ လက်မောင်းဒါဏ်ရာတွေနဲ့ လက်ပြတ်ဝတ်လို့ လှတော့မှာ မဟုတ်ဘူး” ဟု ခပ်နောက်နောက် ၀င်ပြောလိုက်မှ...
“အိုး မဟုတ်ဘူးလေကွယ်။ ဒါက ၅ နှစ်အထိခံတာမျိုး၊ အထူးသဖြင့်တော့ အိမ်ထောင်သည်တွေထဲမှာ အခြေအနေအရ ကလေးယူဖို့ အဆင်မပြေသေးတဲ့အခါ သေချာစနစ်တကျနဲ့ စီမံကိန်းနဲ့ လုပ်တဲ့သူတွေအတွက် အကျိုးရှိတာပေါ့လေ”
“၅ နှစ်ခံတာဆိုတော့ ၃ နှစ်နဲ့လည်း ယူလို့ရလား” ဟု တစ်ယောက်မေးလိုက်တော့ နောက်တစ်ယောက်ကလည်း ချက်ခြင်းပင်။ “ကလေးယူဖို့မတွေးနဲ့ ရည်းစားရအောင် အရင်လုပ်လိုက်အုံး” ။
“ဟေ့ ရည်းစားများ လိုချင်ရင် လွယ်လွယ်လေး။ ဒီမှာ ကြိုတင်စီမံကိန်းတွေ ရှိထားပြီးရင် တဆင့်ပြီး တဆင့်လာမယ်၊ ဗဟုသုတ ယူနေတာ” ဟု မခံချင်စွာ တုံ့ပြန်နေသည်ကို မိမိ စကားဖြတ်ပေးလိုက်ရသည်။
“ကဲပါ ဒေါ်လေးပြောမယ်... ၅ နှစ်ခံဆိုပေမယ့် မလိုချင်တော့ဘူးဆိုရင် ဖြုတ်လိုက်လို့ ရတယ်လေ။ ဒါပေမဲ့ ၃ နှစ်မှာယူမယ်ဆိုရင် ၂ နှစ်လောက်ကတည်းက ဖြုတ်ထားလိုက်ရမယ်။ သူက အာနိသင်ပြင်းတော့ တစ်နှစ်လောက်အထိ ကျန်နေနိုင်လို့ပဲ”
“သြော် သူကရော ဆိုးကျိုးတွေရှိလားဟင်”
မိမိကိုမေးလာသော ကောင်မလေးကို ချက်ခြင်းမှတ်မိလိုက်သည်။ တခါက အမေအား သန္ဓေတားနည်းကို ကူညီပေးခဲ့သူ၊ ခုလည်း အမေကိုပြောပြအုံးမယ်ထင်ပါရဲ့။
“ရှိတယ်ကွယ့်၊ နော်ပလပ်ကို ထည့်ထားပြီဆိုရင် အမျိုးသမီးများရဲ့ ကိုယ်ပေါ်မှာ အစက်အပြောက် ဖြစ်ပေါ်လာတတ်တယ်။ သာမန်ထက် လွန်ကဲတဲ့ သွေးသွန်မှုတွေ ဖြစ်တတ်တယ်။ ခေါင်းကိုက်တာတွေ၊ မူးဝေအော့အန်တာတွေ၊ ၀က်ခြံပေါက်တာတွေ အပြင် သားမြတ်နာကျင်ပြီး စိတ်ညှိုးငယ်တာ၊ စိတ်ဂဏှာ မငြိမ်ဖြစ်တာတို့ ဖြစ်ပေါ်တတ်တယ်။ တခါတလေ ဆေးပြွန်သွင်းထားတဲ့ နေရာတ၀ိုက်မှာ ယားယံပြီး မခံမရပ်နိုင်အောင် နာတာ (သို့) အနာပေါက်တာတို့ ဖြစ်တတ်တယ်” ။
“ဟင်း... ဆိုးကျိုးတွေ အများကြီးပဲနော်၊ မိန်းကလေးတွေ သနားပါတယ်။ ကလေးမလိုချင်သေးလို့ တခုခု ကာကွယ်ရင်တောင်မှ ဒဏ်ကခံရအုံးမယ်နော်”
တကယ်ပင် ကိုယ်ချင်းစာနာစွာ တွေးနေသော ကလေးမလေးမျက်နှာ လေးနက်တည်ကြည်မှုကို တွေ့လိုက်ရ၍ မိမိလည်း စကားဆက်လိုက်သည်။ ကျန်သည့်သူများကလည်း သူမစကားကို ထောက်ခံသောအားဖြင့် “အင်းလေ” ဟု အသံပြုသံကို ကြားလိုက်ရသည်။
“ဒါကြောင့် သန္ဓေတားမယ်လို့ စဉ်းစားရင် ဆိုးကျိုး ကောင်းကျိုးတွေကို သိထားရမှာဖြစ်သလို၊ ဆရာဝန်နဲ့လည်း တိုင်ပင်သင့်တယ်။ ကိုယ်တိုင်ကလည်း ဘာရောဂါတွေ ရှိသလဲဆိုတာကို သိထားရမယ်လေ” အားလုံး တိတ်ဆိတ်နေ၍ အကဲခတ်ကြည့်လိုက်ရာ စိတ်ဝင်စားဟန်လည်း ပြနေသည်ကို မြင်ရ၍ စကားဆက်လိုက်သည်။
“ဥပမာ - ကလေးမွေးထားပြီး ကလေး ဆက်မလိုချင်တော့ဘူးဆိုပြီး ချက်ခြင်း ထည့်ထားလိုက်တာမျိုး လုပ်လို့မရဘူး၊ သီတင်း (၆) ပတ်စောင့်ပြီးမှ နော်ပလပ်ကို အသုံးပြုရတာ၊ ကလေးရှိမရှိ ဆိုတာလည်း စစ်ဆေးပြီးမှ လုပ်ရမယ်၊ ကိုယ်ဝန်ရှိနေမှန်း မသိပဲ ထည့်လိုက်ရင်လည်း ပြဿနာဖြစ်နိုင်တယ်လေ။ နောက် အမျိုးသမီးမှာ အသည်းရောဂါ ရှိရင်ဖြစ်စေ သွေးခဲတတ်တဲ့ ရောဂါသမိုင်းကြောင်း ရှိရင်ဖြစ်စေ၊ ဓမ္မတာရာသီ ဖောက်ပြန်တဲ့ပုံစံ ဆိုးဆိုးဝါးဝါး ရှိတတ်ရင်ဖြစ်စေ၊ ဆေးလိပ်သောက်သူ ဖြစ်ရင်ဖြစ်စေ ဒီနော်ပလပ်လေးကို မသုံးသင့်ဘူးပေါ့ကွယ်”
“ဓမ္မတာရာသီ ဖောက်ပြန်တယ်ဆိုတာ ဘာလဲဟင် ဒေါ်လေး”
“ကဲ ဘယ်သူသိလဲ ပြောပါအုံး” ဆရာဝန်မကြီးလုပ်မှာဟုပြောသူက
“ရာသီလာရင် သွေးဆင်းတာ များတဲ့အခါများ၊ နည်းတဲ့အခါနည်းပြီး ရာသီမမှန်တာတို့၊ ခေါင်းမူးပြီး ရာသီကောင်းကောင်း မဆင်းတာတို့၊ စိတ်တိုတာတို့ပေါ့ဟ၊ ဟုတ်တယ် မဟုတ်လားဟင် ဒေါ်လေး”
ဆရာမကြီးလေသံနှင့် ပြောပြီး ချက်ခြင်းမိမိဆီမှ အတည်ပြုချက်ယူသော သူမလေးကို ခေါင်းငြိမ့်ထောက်ခံရင်း သူမအားသဘောကျ၍ အနည်းငယ် အသံထွက်ရယ်မောမိတော့
“ဟင်း သမီးပြောတာ ဘာလိုသွားလဲ” ဟု မျက်နှာငယ်လေးနှင့် မေးလာပြန်သည်။
“မလိုပါဘူးကွယ်၊ သမီးပြောတာဟုတ်ပါတယ်”။ “ကဲ ... မေးစရာရှိသေးလား၊ ဒါမှမဟုတ် ပြောချင်တာရှိသေးလား” ဟု အလေးအနက်မေးလိုက်တော့ တစ်ယောက်က
“သမီးတော့ ခုမှပဲ မိန်းမတွေ ဘ၀ကို သိရတော့တယ်” ဟု လေးလေးနက်နက် ပြောလာတော့ ကျန်သူများကလည်း ငြိမ်သက်စွာ ထောက်ခံနေကြသည်။ မိမိလည်း စကားဆက်မှဖြစ်မည်ဟု စဉ်းစားလိုက်ပြီး
“သမီးတို့ကို ဒီနေ့ပြောပြချင်တာ နှစ်မျိုးလေ။ ခုန နော်ပလပ်အကြောင်း ပြောပြီးသွားပြီ။ ဒီတခါတော့ အိုင်ယူဒီ လို့ခေါ်တဲ့ နောက်ထပ်တစ်မျိုးအကြောင်း ပြောပြမယ်။ ရော့... ဒီပုံလေးတွေဝေပြီး ကြည့်လိုက်ပါအုံး။ ဒါကတော့ အိုင်ယူဒီလို့ခေါ်တဲ့ သားအိမ်ထဲမှာ သန္ဓေတားပစ္စည်းထည့်သွင်းတာလေးပေါ့။ သူက ပလပ်စတစ်ပိုင်း တစ်ခုပဲလေ။ ပဋိသန္ဓေတားတဲ့အခါမှာ သားအိမ်အတွင်း သားဥပြွန်မှာ ယာယီအခိုက်အတန့် ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်တဲ့အရာပေါ့”
“အိုင်ယူဒီ ကဘယ်နှစ်နှစ်ခံလဲဟင်”
“သူ့ကိုတော့ ၃ နှစ်ကနေ ၈ နှစ်အထိသုံးလို့ရတယ်။ ဒါပေမဲ့ အိုင်ယူဒီမှာ အမျိုးအစားရှိတယ်။ ဒေါ်လေးတော့ အဲဒါတွေ အားလုံးစုံစုံလင်လင် မရှိဖူးသေးဘူး။ ဆိုလိုတာက အမျိုးအစားပေါ်လိုက်ပြီး တာရှည်သုံးနိုင်တာတွေလည်း ရှိတယ်ဆိုပါတော့”
“ဒေါ်လေး... ဒါက ကြိုးလေးပါတယ်နော်”
“သြော်... ဟုတ်တယ်၊ ဒေါ်လေး ပြောပြရအုံးမယ်၊ အိုင်ယူဒီကိုသုံးရင် ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သန့်ရှင်းတဲ့ အနေအထားဖြစ်မှ ထည့်သွင်းသင့်တယ်တဲ့။ ဘာကြောင့်လဲဆိုရင် သားအိမ် မတော်တဆ စုတ်ပြဲပြီး ရောဂါပိုးဝင်တာတွေ ဖြစ်တတ်လို့ပဲ။ သမီးတို့ကို ပြောပြထားပြီးပြီနော်၊ သားအိမ်ရဲ့ သေးငယ်ပုံ၊ ဒီတော့ သားအိမ်ထဲမှာ ထည့်တဲ့ ပစ္စည်းကတော့ သေချာဂရုစိုက်မှရမှာပေါ့”
“နောက်တစ်ခုက အမျိုးသမီးအနေနဲ့ အိုင်ယူဒီ ထည့်သွင်းပြီး နှစ်ရက်အတွင်း ကာမဆက်ဆံတာတွေ မပြုသင့်ဘူး။ ကိုယ့်ကျန်းမာရေး အတွက်လည်း ကျန်းမာရေး ၀န်ထမ်းတွေဆီ အချိန်မှန်မှန် သွားရောက်ပြီး ဆေးစစ်မှုကို ခံယူတာမျိုးလုပ်ရမယ်။ နို့တိုက်မိခင်တွေ အတွက်တော့ စိတ်ချလက်ချ အသုံးပြုလို့ရတယ်။ ဒါပေမဲ့ အိုင်ယူဒီ ကိုထည့်မယ်ဆိုရင် မီးဖွားပြီး သီတင်းခြောက်ပတ်အထိ စောင့်ပြီးမှထည့်ရမယ်”
“သူက ဆိုးကျိုးမရှိဘူးလားဟင်”
“ရှိတာပေါ့ကွယ်၊ အဲဒါကတော့ တစ်ချက်ပါပဲ။ လစဉ်သွေးဆင်းတာ များတာမျိုးနဲ့ အနာတွေ ပိုမိုဖြစ်ပွားတတ်တာပါပဲ”
“ဘယ်လိုလူတွေက အသုံးမပြုသင့်ဘူးလဲ ဟင်”
“ဟယ် နင်ကလဲ ပြောမှာပေါ့၊ လောလိုက်တာ”
“ဟာ သိချင်လှပြီ။ ငါနဲ့ကိုက် မကိုက်စဉ်းစားရမယ်လေ”
ဝါးကနဲပွဲကျသွားတော့ သူမလေးတို့ကို ကြည့်ရင်း အင်း ... ဒီနေ့တော့ အပျင်းပြေစရာလေး တစ်ခါလောက် ဖြစ်သွားသားပဲဟု တွေးလိုက်ရင်း လိုက်လံရယ်မောပေးလိုက်ကာ အနောက်အပြောင် ပြောတတ်သော ကလေးမလေးများကို ကြည့်ရင်း မိမိ ကျေနပ်လိုက်မိသည်။
“မသုံးသင့်တဲ့ သူတွေကတော့ အမျိုးသမီးတစ်ဦးမှာ လိင်ဆက်ဆံဖက် တစ်ဦးထက်မကရှိနေတာမျိုးဆိုရင် တင်ပဆုံဂွင်အတွင်းမှာ ရောင်ယမ်းတတ်တဲ့ရောဂါလိုမျိုး အန္တရာယ်လည်း ရှိတတ်တယ်”
“ဟောတော့ .. မိန်းမတွေမှာ တစ်ယောက်ထက် မကတဲ့ လိင်ဆက်ဆံဖော်တွေ ရှိတတ်တယ်လား” ဟု အံ့သြသလို မေးလာတော့ မိမိ မပြောခင် ကျန်တစ်ယောက်က “ဟ... ရှိတာပေါ့၊ နင်ကလည်း” ဟု အစချီလိုက်သူကို မိမိအပါအ၀င် အားလုံးက ၀ိုင်းကြည့်လိုက်တော့ “ပြည့်တန်ဆာတွေလေ” ဟု စကားကို အဆုံးသတ်လိုက်သည်။
“ဟင်း ...” ဟု မိမိသက်ပြင်းချလိုက်ပြီး...
“အင်း...သမီးတို့ကို နောက်မှ ပြည့်တန်ဆာ ဆိုတဲ့အကြောင်းကို အချိန်ရမှ ဆွေးနွေးပေးအုံးမယ်၊ ဒါပေမဲ့ ကြုံတုန်း တစ်ခုလောက်ပြောလိုက်မယ်၊ နိုင်ငံတကာမှာ ခုပြည့်တန်ဆာလို့ မခေါ်တော့ဘူးကွယ့်။ အဲဒီ အမျိုးသမီးတွေကို ခန္ဓာကိုယ်နဲ့ရင်းပြီး အလုပ်လုပ်သူတွေလို့ သတ်မှတ်လာကြတယ်။ နောက် အဲလိုပဲ ကြိုးစားပြီး လူသားချင်း နားလည်စာနာသူတွေက ခေါ်ဝေါ်ကြတာပါပဲ”
“ဟာ ဘယ်လိုမှန်းလဲမသိဘူး။ ခန္ဓာကိုယ်နဲ့ရင်းပြီး လုပ်စားတာဆိုတာလဲ မကောင်းပါဘူး”
“ကဲပါ ဒေါ်လေး နောက်မှ အဲဒါတွေ ပြောပြမယ်။ ခုနကိစ္စ ပြန်ဆက်မယ်။ နောက်တစ်ခုက တချို့အမျိုးသမီးတွေက အိမ်ထောင်မပြုပဲ ကလေးယူကြတာတွေရှိတယ်”
“အိမ်ထောင်မပြုပဲ ကလေးယူတာဆိုတော့ ဘယ်လိုကြီးလဲဟင်”
“အေးနော်”
တကယ်ပင် နားမလည်စွာ မေးကြသောသူတို့လေးတွေကို ကျမပြုံးပြလိုက်ပြီး ...
“ခုခေတ်က အိုင်တီခေတ်ကွဲ့၊ ဒီတော့ ကလေးလိုချင်ရင် အမျိုးသားသုတ်ရည်ကိုဝယ်ပြီး ဒါမှမဟုတ်လဲ လှူထားတာ ရှိတယ်ဆိုရင် အဲဒါနဲ့ အမျိုးသမီး မျိုးဥနဲ့ပေါင်းပြီး ဖန်ပေါင်းချောင်ထဲထည့်၊ သန္ဓေအောင်မှ သားအိမ်ထဲ ပြန်ထည့်ပြီးတော့ ကိုယ်ဝန်ဆောင်တာပေါ့ကွယ်”
“ဟယ် ... ဖန်ပေါင်းချောင်ထဲမှာ သန္ဓေအောင်အောင် လုပ်အုံးမှပဲ”
“အမလေး မ ကလေးချစ်သူကြီး၊ နင်တော့လေ ပေါက်ပေါက်ရှာရှာဆို ထောက်ခံတတ်တယ်နော်”
ဝိုင်းရယ်မောလိုက်ကြပြန်သည်။ ဒီတခါတော့ မိမိစကားမပြီးသေး၍ နောက်ပြောင်မှုတွေကို ဖြတ်လိုက်ရန်အတွက်...
“ကဲ... ဒေါ်လေးမာန် ပြောတာ မပြီးသေးဘူးလေကွယ်။ အဲလိုလုပ်ထားဖူးတဲ့ လူတွေမသုံးရဘူးတဲ့နော်”
“ဟုတ်.... ဒါဆို သမီးတော့ သုံးလို့မရဘူး” ဟု အရွှန်းဖောက်လိုက်တော့ အားလုံး ၀ိုင်းရယ်ကြပြန်သည်။ မိမိလည်း တ၀ါးဝါးပွဲကျနေသူ သူမတို့နှင့်အတူ ရယ်မောနေမိသည်။
“ဟေ့ နောက်ရှိသေးတယ်၊ အမျိုးသမီးတွေ သွေးအားနည်းရောဂါ ရှိတဲ့သူတွေ၊ ဓမ္မတာလာခါနီးမှာ အရမ်းနာတာ၊ ရာသီ ဆင်းနေချိန်မှာလည်း သားအိမ်တွေ ကိုက်ခဲနာကျင်တာတွေတို့၊ သွေးဆင်းတာ များလွန်းတာတို့ကို မပြောပဲ ထားတဲ့သူတွေဆိုရင်လည်း မသုံးသင့်ဘူးပေါ့”
“ကလေးလိုချင်တာနဲ့ အိုင်ယူဒီကို ဖယ်လိုက်လို့ရတာပေါ့နော်”
“အင်း ဟုတ်တယ်၊ ကလေးလိုချင်ပြီဆိုတာနဲ့ ရာသီဆင်းနေတာဖြစ်ဖြစ်၊ ဆင်းပြီးရင်ဖြစ်ဖြစ် ဖယ်ရှားလိုက်လို့ ရပါတယ်ကွယ့် ... ။ ကဲ မေးချင်တာရှိသေးရင် မေးနော်။ ဒေါ်လေးဖက်က ပြောပြတာတော့ပြီးပြီ။”
“အိုင်ယူဒီသုံးရင် ဆိုးကျိုးတွေကတော့ နည်းတယ်နော် ဒေါ်လေး”
“ဟုတ်တယ်ကွယ့် ... ဒါပေမယ့် သူက သေချာကျွမ်းကျင်တဲ့သူနဲ့ ထည့်သွင်းမှ ဖြစ်မှာကိုတော့ မမေ့နဲ့၊ သမီးတို့က ဘယ်သူ့ကိုပဲ ဒီကိစ္စတွေပြောပြ ပြောပြ ဆေးတွေသုံးရင်တော့ ဆရာဝန်ညွှန်ကြားချက်ပါမှ အသုံးပြုဖို့ မမေ့ကြဖို့တော့ အမြဲတမ်း ပြောပြနေဖို့လိုတယ်။ နောက် ကောင်းကျိုးကိုပဲ ပြောပြပြီး ဆိုးကျိုးကို မပြောပဲမနေနဲ့ ဟုတ်ပြီလား။ သြော် ဒေါ်လေးမေ့လို့ကွယ့်၊ ကြိုးလေးက အမြဲတမ်းကျနေတော့ ဆီးသွားတဲ့အခါ သတိထားရတယ်နော်”
“ဟုတ်ကဲ့ပါ ဒေါ်လေး၊ သမီးတောင် နောက်ပိုင်းမှ သဘောပေါက်တယ်။ သမီးတို့နားက အစ်မကြီးကပြောတယ်၊ အပျိုတုန်းက သူက ၀က်ခြံလုံးဝ မပေါက်ဘူးတဲ့။ ခုနောက်ပိုင်းမှ ဖြစ်လာတယ်လို့ ပြောတယ်၊ အဲဒါ ဆေးတစ်မျိုးမျိုးစားတာ ထိုးတာကြောင့်လည်း ဖြစ်နိုင်တယ်နော်၊ သူက ကလေး ၂ ယောက်ရပြီး မယူတော့ဘူး”
“အင်း၊ အဲလို တရားသေတွက်လို့ မရဘူးလေ၊ သူ တကယ် ဘာလုပ်ထားလဲဆိုတာ သိမှဖြစ်မှာပေါ့။ ၀က်ခြံပေါက်တာက အသားအရေ ညစ်ညမ်းလို့လည်းဖြစ်နိုင်တယ်။ ဥပမာ၊ မျက်နှာလိမ်း မိတ်ကပ်တွေကြောင့် ဒါမှမဟုတ် ဖုံတွေထူထပ်တဲ့ နေရာကပြန်လာပြီး မသန့်ရှင်းမိတာမျိုး၊ တခုခုပေါ့လေ၊ အသားအရည် မသန့်ရှင်းမိတာကြောင့်လည်း ဖြစ်နိုင်တယ်လေ။ နောက်တစ်ခုက ရာသီမမှန်တာမျိုး၊ ၀မ်းချုပ်တာမျိုးစသဖြင့်ပေါ့၊ အကြောင်းအရာတွေ အများကြီးဖြစ်နိုင်တာပေါ့”
“ကဲ သမီးတို့ရေ မိန်းကလေးတွေရဲ့ ကျန်းမာရေးကို တစ်မျိုးပြီးတစ်မျိုး ဆွေးနွေးမယ်ဆိုရင် ပြီးတောင်ပြီးမှာ မဟုတ်ဘူးကွယ့်၊ ဒီနေ့မေးစရာမရှိဘူးဆိုရင်တော့ ဒေါ်လေးတို့ နောက်မှဖြည်းဖြည်းချင်း ဆွေးနွေးကြတာပေါ့နော်။ ဘာတွေမေးမလဲဆိုတာ စဉ်းစားပါအုံး။”
“တစ်ခုလောက် မေးချင်ပါတယ် ဒေါ်လေး”
“တစ်ခုမဟုတ်ဘူး၊ အများကြီးမေးလို့ရတယ်၊ မဟုတ်ရင် ဒေါ်လေးမာန်လည်း ပြန်သွားအုံးမယ်” သူငယ်ချင်းမလေးကို ချစ်စဖွယ်မျက်စောင်းလေးလှမ်းထိုးရင်း ...
“ဟိုလေ... သန္ဓေတားဆေး မစားပဲ တခါတည်း သားသမီးမရတဲ့ နည်းမရှိဘူးလားဟင်”
“ဟယ် နင့်မေးပုံကလည်း ယောက်ျားတော့ယူမယ်၊ ကလေးတော့မယူဘူးပေါ့” ဟု တစ်ယောက်ကမေးလိုက်တော့...
“ငါ့ အတွက်မဟုတ်ပါဘူး၊ ငါ့အမေအတွက်ဟဲ့၊ မေမေကမေးခိုင်းထားလို့”
“သြော်” ဟုဆို၍ ငြိမ်ကျသွားသည်။
“အင်း ရှိတာပေါ့သမီးရယ်၊ နောက်တစ်ပတ်ပြန်ဆုံရင် ပြောမယ်လေ၊ ဒေါ်လေးမာန် ပြောမယ့် အကြောင်းအရာတွေထဲမှာ သားကြောဖြတ်တဲ့ အကြောင်းလည်းပါမယ်။ အဲဒါက လုံးဝ ကလေးပြန်မရတဲ့ နည်းပေါ့ကွယ်” ဟုဆို၍ မိမိစကားဖြတ်လိုက်သည်။
တစ်ယောက်တစ်ပေါက် နောက်ပြောင်နေကြရင်း မိမိအား ကားဂိတ်သို့ လိုက်လံပို့ပေးသော ကလေးများကို ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်ရင်းပြန်လာခဲ့သည်။ ရင်ထဲမှာတော့ ဒီကနေ့ပြောလိုက်တဲ့ စကားဝိုင်းက အကြောင်း သူတို့လေးတွေ သေချာနားလည်ပါစေဟု တိုးတိတ်စွာ ဆန္ဒပြုနေလိုက်သည်။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;