နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

မြန်မာပြည် ကွန်မြူနစ်ပါတီမှ ကြာဦးဖြူ (သို့မဟုတ်) ရဲဘော် ဦးစိန်နှင့် တွေ့ဆုံမေးမြန်းခြင်း

အိမ်ဦးခင်စီစဉ်သည်

အမှတ် ၆/ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ။ Volume (45) September. 2007


ကြာဦးဖြူရဲ့ ဘဝနောက်ခံ အကျဉ်းချုပ်လေး ပြောပြပေးစေချင်ပါတယ်။

ကျမဟာ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်း မြို့နယ်၊ သင်ပုန်းတန်း တိုက်နယ်၊ သင်ပုန်းတန်းကျွန်း၊ သင်းပုန်းတန်းရွာက ဖြစ်ပါတယ်။ မိဘအမည် ဦးဝေလူ၊ ဒေါ်ဦးကြာဖြူတို့ရဲ့ မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်ပါတယ်။ အမည်ရင်းက နှစ်ခု ရှိပါတယ်။ တစ်ခုက “ကြာဦးဖြူ” ဖြစ်ပြီး နောက်တစ်ခုက “မယောင်း” လို့ ခေါ်ပါတယ်။ ဒီနာမည် နှစ်ခုထဲက လူအများ ခေါ်ဝေါ် တွင်ကျယ်ခဲ့တာက “မယောင်း” ဆိုတဲ့ နာမည် ဖြစ်ပါတယ်။ ဒေါ်ဦးစိန်ကတော့ တပ်ထဲက ခေါင်းဆောင်များ ပေးတဲ့ နာမည် ဖြစ်ပါတယ်။ နာမည်ရင်းနှစ်ခုကို အနည်းငယ် ရှင်းပြပါမယ်။ ကြာဦးဖြူဆိုတဲ့ နာမည်က အမိဖက်က အဖိုး ပေးတာပါ။ မယောင်းကတော့ အဖေဖက်က အဖွားက ချစ်စနိုးခေါ်ရင်းနဲ့ တွင်သွားတဲ့ နာမည်ဖြစ်ပါတယ်။ အများသိကြတဲ့အတိုင်း တရုတ်ပြည်၊ ကူမင်းမြို့မှာ နေပါတယ်။

ငယ်စဉ်ဘဝ ဖြတ်သန်းမှုနဲ့ အဲဒီအပေါ် ခံယူချက်မှုများကို ပြောပြပေးပါ။

ကျမအဖေဟာ ပါတီက ရွေးကောက်တင်မြှောက်တဲ့ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ကျေးရွာက ပြသနာအရပ်ရပ် ဖြေရှင်းနေကြတာကို အမြဲတွေ့မြင် ကြားနေရပါတယ်။ အထူးသဖြင့် အိမ်ထောင်ရေးကိစ္စတွေ ဖြေရှင်းနေတာကို ကြားရမြင်ရတဲ့အခါ အလွန် စိတ်မကောင်း ဖြစ်ရတာတွေကို တွေ့ခဲရပါတယ်။ အဲဒါတွေကတော့ အိမ်ထောင်ရှင် အမျိုးသမီး အများအပြားဟာ လင်ယောက်ျားရဲ့ ရိုက်နှက်ဆဲဆိုမှုကို ခံကြရပါတယ်။ တချို့ဆို မျက်နှာတွေ ဖူးယောင်လို့၊ တချို့ဆို လက်တွေ၊ ခြေတွေမှာ အညိုအမည်းတွေနဲ့ အဖေ့ဆီကို ရောက်လာတာ မြင်ရတဲ့အခါ အလွန် စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။ တဆက်တည်း တွေးမိလာတာက မိမိလည်း အရွယ်ရောက်လာပြီး အိမ်ထောင်ကျခဲ့လို့ ဒီလိုဖြစ်ခဲ့ရင်… ဆိုတဲ့ အတွေးဝင်လာပြီး ကြောက်စိတ် ဝင်လာတယ်။ ဒီဘဝကို လွတ်မြောက်လိုတယ်။ အဲဒီအချိန်မှာပဲ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ပြီး တော်လှန်ရေးလုပ်ရင် ဒီဘဝက လွတ်မြောက်မယ်လို့ ခံယူခဲ့လို့ တော်လှန်ရေးထဲကို ဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိဆန္ဒနဲ့ ပါတီထဲ၊ တော်လှန်ရေးထဲ ပါဝင်လာခြင်း ဖြစ်တယ်လို့ ပြောလို့ရပါတယ်။

တော်လှန်ရေးလုပ်ဖို့ ပါတီထဲဝင်ရောက်ခဲ့ပြီတော့ ကြုံတွေ့ရတဲ့ အပြောင်းအလဲတွေက ဘာတွေဖြစ်ခဲ့လဲ။

ခုနက ရှင်းပြတာကတော့ ပထမဦးဆုံး ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပြောင်းလဲမှု လိုချင်တဲ့ မိမိရဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကျမရဲ့ဘဝကို တဆစ်ချိုး ပြောင်းလဲပစ်မယ့် အိမ်ထောင်သည်ဘဝကို ရောက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ကျမဟာ တော်လှန်ရေး ရဲဘော်များနဲ့ အထူးသဖြင့် အမျိုးသား ရဲဘော်များနဲ့ တန်းတူ ပါဝင်ခွင့် ရတာတွေဟာ ကျမအတွက် မမျှော်လင့်ပဲ ရခဲ့တဲ့ အခွင့်အရေးလို့ ခံစားမိတယ်။ ပါတီထဲမှာ အမျိုးသား၊ အမျိုးသမီး တန်းတူဖြစ်ပြီး ဘာမဆို တန်းတူ လုပ်ကြရပါတယ်။ မိမိနိုင်ရာကို ထမ်းကြရပါတယ်။ ကျမတို့ဟာ အမျိုးသမီး ရဲဘော်သစ်တွေဆိုပြီး အများရဲဘော်တွေရဲ့ ဂရုစိုက်မှု၊ ညှာတာမှုတွေကို ခံခဲ့ရပါတယ်။ အဲဒီအချိန် ရခိုင်ပြည်နယ်မှာ အမျိုးသမီး တော်လှန်ရေးသမား မများသေးပါဘူး။ ဒါကြောင့် အမျိုးသမီး ရဲဘော်များကို အမျိုးသား ရဲဘော်များက ဂရုစိုက် နွေးထွေးကြပါတယ်။ ကျမဟာ တော်လှန်ရေးထဲ ဝင်လာရတာကို ကျေနပ်နေမိပါတယ်။

ကျမတို့ ရခိုင်အမျိုးသမီးတွေဟာ လူမှုဘဝမှာ အနေအထိုင် အလွန်တင်းကြပ်ပါတယ်။ အထူးသဖြင့် အမျိုးသားများနဲ့ ဆက်ဆံရာမှာ လွတ်လပ်စွာ ပြောဆိုသွားလာမှုဆိုတာ မရှိသလောက်ပါ။ တကယ်ရှိခဲ့ရင်လည်း အများရဲ့ ပြောဆိုကဲ့ရဲ့မှုကို ခံကြရပါတယ်။ ဒါကြောင့် ကျမဟာ တော်လှန်ရေးထဲမှာ လွတ်လပ်စွာ ပြောဆိုနေရခြင်းကိုပင် ကျေနပ်မဆုံး ဖြစ်နေချိန်မှာ ကျမကို ခေါင်းဆောင်များက ပြည်နယ်အတွင်းအရေးမှူးနဲ့ အိမ်ထောင်ချပေးဖို့၊ သူ့ရဲ့ တော်လှန်ရေးလုပ်ငန်းကို ကူညီဖို့အတွက် ဆွေးနွေးလာတဲ့အခါ အလွန်ပဲ စိတ်ညစ်ခဲ့ရပါတယ်။ ကျမဟာ တော်လှန်ရေးလုပ်ငန်းကို ကူညီဖို့အတွက် ဆွေးနွေးလာတဲ့အခါ အလွန်ပဲ စိတ်ညစ်ခဲ့ရပါတယ်။ ကျမဟာ တော်လှန်ရေးကို လွတ်လွတ်လပ်လပ် တကိုယ်ရည် တကာယ လုပ်လိုသူ တစ်ယောက်ပါ။ ဒါပေမဲ့ အဖေအပါအဝင် လူကြီးများက ရဲဘော်ကျော်မြနဲ့ အိမ်ထောင်ချပေးဖို့ သဘောတူကြပြီး ဖြစ်လို့ ကျမဟာ ခေါင်းညိတ်ခဲ့ပြီး အိမ်ထောင်သည်ဘဝ ရောက်ခဲ့ရပါတယ်။

ရဲဘော်ကျော်မြဟာ ပထမဇနီးနဲ့ သားသမီး မထွန်းကားခဲ့ပါ။ ဒါကြောင့် သူတို့ဟာ သမီးတစ်ယောက် မွေးစားထားခဲ့ပါတယ်။ သူ့ဇနီး ကျဆုံးသွားတဲ့အခါမှာ ဒီသမီးဟာ သူ့အသက်တမျှ အရေးကြီးသလို အင်မတန်ချစ်ခင်ပြီး သူ့ကို ထိန်းကျောင်းမယ့်သူ မရှိ ဖြစ်နေလို့ ကျမကို လက်ထပ်ခဲ့တာပါ။ သူက အလုပ်အလွန်များသူပါ။ ကျမကလည်း သားသမီးမရှိရင် လွတ်လပ်စွာ တော်လှန်ရေး လုပ်နိုင်မှာပဲ ဆိုပြီး လက်ခံခဲ့ပါတယ်။ သူဟာ ကျမနဲ့ လက်ထပ်ပြီး ၅ လ အကြာ သူ့သမီးကို ကျမလက်အပ်ပြီး ပဲခူးရိုးမ ရှိ ဗဟိုစခန်းကို အစည်းအဝေးတက်ဖို့ ထွက်သွားခဲ့ပါတယ်။ တစ်နှစ်ကြာမှ သူပြန်ရောက်ပါတယ်။ ကျမလည်း မူလရည်မှန်းချက် မအောင်မြင်ခဲ့ပါဘူး။ ကျမနဲ့ ကလေးငါးယောက် ရခဲ့ပါတယ်။ သမီးအကြီးက အသက်နှစ်ဆယ် ရောက်မှ တိုက်ဖိုက်ဖြစ်ပြီး ဆေးမရှိလို့ ရေတိမ်နစ်ခဲ့ရပါတယ်။ ကျန်တဲ့ ကျမ မွေးခဲ့တဲ့ ကလေး ၄ ယောက်နဲ့ ကျမပြုစုမွေးမြူခဲ့တဲ့ သမီးတစ်ယောက်ပါ အခု ကလေး ငါးယောက်၊ မြေးငါးယောက် ကျန်းမာစွာ ရှိနေကြပါတယ်။ ဒါဟာ ကျမရဲ့ တော်လှန်ရေး ဖြတ်သန်းမှုရဲ့ တစိတ်တဒေသ ဖြစ်ပါတယ်။

တော်လှန်ရေးထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်ခဲတွေထဲက မှတ်မိသလောက် ကျမတို့ကို ပြန်ဝေမျှ ပေးပါဦး။

အခက်အခဲတွေကတော့ ပြောမယ်ဆိုရင် ပြောလို့ မကုန်နိုင်ပါ။ တော်လှန်ရေးသက်တမ်း နှစ် ၄၀ ကျော် ကာလအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲပေါင်းက မြောက်များစွာပါ။ ဒီအထဲမှာ သာမန်လွယ်လွယ်နဲ့ ကျော်ဖြတ်လို့ ရခဲ့တဲ့ အရာတွေရှိခဲ့သလို ခက်ခက်ခဲခဲ ကျော်လွှားခဲ့ရတာလည်း ရှိပါတယ်။ ဒီထဲမှာ အမျိုးသား၊ အမျိုးသမီး ပြဿနာ တစ်ခု ပြောပြချင်ပါတယ်။ ဒီအဖြစ်ကို ပြောပြဖို့ ဘာလို့ ဆုံးဖြတ်ရသလဲဆို ဒီအဖြစ်အပျက်ဟာ သင်ခန်းစာ ယူစရာ ဖြစ်လို့ပါ။ အလားတူ အဖြစ်မျိုး မဖြစ်စေဖို့ ရည်ရွယ်တာပါ။ အမျိုးသား၊ အမျိုးသမီး ပြဿနာဟာ ဘယ်မှာမဆို  ရှိစမြဲပါ။
ဒါပေမဲ့ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ နည်းနည်းမှန်ကန်ဖို့ အရေးကြီးလှပါတယ်။ ကိုင်တွယ်ဖြေရှင်းရာမှာ နည်းနာမမှန်ကန်ပါက မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံရတတ်ပါတယ်။ ဘယ်အရာမဆို လိုတာထက် ပိုသွားခဲ့ရင် ကြောင်ရုပ်ကြောင့် ပိုလေးဆိုတာမျိုး ဖြစ်တတ်ပါတယ်။

ကျမတို့ ပါတီထဲမှာ အမျိုးသား အမျိုးသမီး ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ ရှိပါတယ်။ အထူးသဖြင့် လွတ်လပ်တဲ့ အမျိုးသားနဲ့ အမျိုးသမီးများဟာ ချစ်ရေးဆိုခွင့် ရှိပါတယ်။ ဒါပေမဲ့ အမျိုးသား တစ်ယောက်က အမျိုးသမီး တစ်ယောက်ကို ချစ်ရေး ဆိုမယ်ဆိုရင် မိမိသက်ဆိုင်ရာ အဖွဲ့အစည်းကို ကြိုပြီး တင်ပြရပါတယ်။ ပြီးမှ ချစ်ရေးဆိုရပါတယ်။ ဒါကြောင့် ဒီလို အသိမပေးပဲ ချစ်ရေးဆိုခဲ့ပြီး တဖက်က လက်မခံပဲ တိုင်ကြားခဲ့ရင် အဲဒီရဲဘော်မှာ အပြစ်ရှိပါတယ်။ အဖြစ်က ဒီလိုပါ။ ကျမတို့ ပြည်နယ်စခန်းမှာ ပြည်နယ် အမျိုးသမီးတပ်စိပ် တစ်စိပ် ရှိပါတယ်။ စခန်းမှာလည်း အိမ်ထောင်သည် ရဲကြီးများရဲ့ သားသမီးပျိုလည်း ရှိပါတယ်။ ကေဒါ ရဲဘော်ကြီးတစ်ယောက်ရဲ့ သမီးလေးတစ်ယောက်ဟာ ၁၄-၁၅ နှစ် အရွယ်ပါ။ သူမလေးဟာ အလွန် ချောမောလှပတဲ့ အမျိုးသမီးလေးပါ။ လူတိုင်းက သူမကို မျက်စိကျကြပါတယ်။ အမျိုးသမီးကြီးတွေက သူမကို အကြင်နာမျက်စိနဲ့ ကြည့်ပြီး ချစ်ခင်ကြတယ်။  သက်ကြီးကေဒါတွေကတော့ သနားညှာတာမှုနဲ့ ချစ်ခင်ကြပါတယ်။ ဘာလို့လဲဆိုတော့ သူမလေးရဲ့အဖေက ကျဆုံး ရဲဘော် တစ်ယောက် ဖြစ်လို့ပါပဲ။ ဒါပေမဲ့ လူငယ် ရဲဘော်တွေကတော့ သဘာဝအတိုင်း သူမကို လူငယ်မျက်စိနဲ့ ကြည့်ကြတာပေါ့။ အဲဒီအခါ ပြည်နယ်တပ်၊ တပ်ခွဲအဆင့်ရှိတဲ့ တပ်မှူးတစ်ယောက်ဟာ ဘာမှမတင်ပြပဲ ချစ်ရေးဆို ရည်းစားစာ တစ်စောင် ပေးပါတယ်။

သူမလေးက အဲဒီစာကို သူ့အမေကို ပေးလိုက်ပါတယ်။ သူ့အမေက အဲဒီစာကို ပါတီကလပ်စည်းကို အပ်လိုက်ပါတယ်။ ပါတီကလပ်စည်းကနေ တဆင့် တပ်ခေါင်းဆောင်များလက်ထဲ ရောက်သွားပြီး တပ်မှူးများ အစည်းအဝေးတွင် အဲဒီရဲဘော် ဝေဖန်ခံရသည်။ သူလည်းပဲ မှားကြောင်း ဝန်ခံပါတယ်။ ဘာကြောင့် အဲဒီ ပြဿနာ ဖြစ်လာသလဲဆိုရင် လွတ်လပ်သူများဖြစ်ပေမယ့် ကလေးမက အသက် မပြည့်သေးလို့ပါ။ အသက် ဆယ့်ရှစ်နှစ်ပြည့်မှ ချစ်ရေးဆိုခွင့် ရှိပါတယ်။ ဒါပေမဲ့ ဒီလို အထက်အဖွဲ့အစည်း အစည်းအဝေး လုပ်ပြီးခဲ့ပေမယ့် စခန်းလုံးကျွတ် အစည်းအဝေးမှာ ဒီပြဿနာသိတဲ့ အမျိုးသမီး တစ်ယောက်က ဒီပြဿနာကို တင်ပြလာတော့ ဝိုင်းဝန်းဆွေးနွေးကြရင်းနဲ့ အမျိုးသမီး ဖျက်ဆီးရေးတို့ ဘာတို့အထိ ဦးထုပ်ကြီးတွေတပ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ဖြစ်လာတဲ့အခါ အဲဒီရဲဘော်ဟာ တပ်မှူးလည်းဖြစ်၊ လူကြီးလည်း ဖြစ်တဲ့အတွက် အလွန်ရှက်ပြီး အဲဒီအစည်းအဝေး မပြီးခင်မှာပဲ သူနေတဲ့ တဲကို ပြန်သွားပြီး သူ့ကိုယ်သူ အဆုံးစီရင်လိုက်ပါတယ်။ အဲဒါနဲ့ မဖြစ်သင့်ပဲ တိုက်ရည်ခိုက်ရည် ကောင်းတဲ့ ကေဒါကောင်း တစ်ယောက်၊ တပ်မှူးကောင်း တစ်ယောက်ဆုံးရှူံးခဲ့ရပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျမခေါင်းထဲ စွဲထင်ခဲ့ပါတယ်။ အပြန်အလှန် ဝေဖန်ရေးဟာ တခါတခါမှာ အထောက်အကူ ပေးသလို တခါတခါမှာ ဆိုးကျိုးကို ဖြစ်တတ်တယ်ဆိုတာ ကျမနားလည်ခဲ့ပါတယ်။ ဘယ်အရာမဆို အဆိုးနဲ့အ ကောင်းတွဲနေတယ်ဆိုတဲ့ သင်ခန်းစာရခဲ့ပါတယ်။ အဲဒါကြောင့် ဒီသင်ခန်းစာကို တော်လှန်ရေးသမားတိုင်း သိစေလိုလို့ တဆင့် ပြောပြလိုက်ခြင်း ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသမီး တော်လှန်ရေးရဲဘော်ဖြစ်တဲ့ ကျမဟာ ဘယ်လို အကြောင်းနဲ့ပဲ ဖြစ်ဖြစ် အိမ်ထောင်သည် ဖြစ်လာတဲ့အခါ မိမိအနေနဲ့ မိမိအိမ်ထောင်အပေါ်မှာ သစ္စာရှိမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ မိမိဟာ သားသမီးတွေ ရှိတဲ့အခါ မိခင်ကောင်းတစ်ယောက် ဖြစ်ရစေမယ်။ ဒီကြားထဲမှာ ပါတီလုပ်ငန်း၊ ပြည်သူကို အလုပ်ကျွေးပြုတဲ့ လုပ်ငန်းကို ပါဝင်သွားမယ် ဆိုတာကိုလည်း ဆုံးဖြတ်ခဲ့ပါတယ်။ လက်တွေ့မှာလည်း ဆုံးဖြတ်ချက်ကို ကောင်အထည်ဖော်ခဲ့ပါတယ်။ အဲသလို အကောင်အထည် ဖော်ရာမှာလည်း အခက်ခဲများစွာကို ကျော်ဖြတ်ခဲ့ရပါတယ်။ ပြောက်ကျားဒေသမှာ ကလေးငယ်ငယ်လေးတွေနဲ့ ဘယ်လို ဖြတ်သန်း ကျော်လွှားရလဲဆိုတာ ပြောက်ကျားဒေသ နေဖူးသူတိုင်း နားလည်နိုင်လိမ့်မည်လို့ မျှော်လင့်ပါတယ်။ တခါတခါ ခရီးအကြာကြီး သွားရတာရှိပါတယ်။ မနက်နေမထွက်မီ ခရီးစထွက်ပြီး ညနေ နေမရှိတဲ့အခါမှ စခန်းချနားရတဲ့အခါ ကလေးအနှီးတောင် လှန်းတဲ့အချိန် မရှိပါဘူး။ ကျမတို့မှာ ခရီးရှည်သွားကြရင် တစ်နာရီ ၁၀ မိနစ်နားကြပါတယ်။ အဲဒီ ၁၀ မိနစ်နားတဲ့ အချိန်မှာ ကျမဟာ မနားနိုင်ပဲ ရေရှိတဲ့ နေရာကိုရှာပြီး အနှီးလျှော်ရပါတယ်။ အနှီးလျှော်ပြီး ပြန်လာတာနဲ့  ၁၀ မိနစ်ပြည့်လို့ ခရီး စထွက်ရပါတော့တယ်။ နောက် တစ်ခါ ၁၀ မိနစ်နားတော့ နေရောင်ရတဲ့နေရာ ရှာပြီး အနှီးလှန်းရပါတယ်။ တခါပြန်နားလိုက်၊ လှန်းလိုက်နဲ့ဘဲ ညနေရောက်တော့ အနှီးတွေလည်း ခြောက်သွားတော့တာပါဘဲ။ ဒါကတော့ သာမန် အခက်အခဲလေးတစ်ခုကို ပြောပြခြင်း ဖြစ်ပါတယ်။

အမျိုးသမီး အများစုဟာ ဖခင်ကြောင့်ဖြစ်စေ၊ ခင်ပွန်းသည်ကြောင့် ဖြစ်စေ နိုင်ငံရေးဘဝထဲကို ရောက်လာကြရတာ များပါတယ်။ သူတို့ရဲ့ အရည်အချင်းတွေကိုလည်း အကောင်းဆုံး ပြသခွင့် မရရှိကြဘဲ ဖခင်တွေ၊ ခင်ပွန်းသည်တွေရဲ့ အရိပ်အောက်မှာ အဖြည့်ခံဘဝ ရောက်သွားကြရတဲ့အပေါ် နည်းနည်း သုံးသပ်ပေးစေချင်ပါတယ်။

အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာရခြင်းဟာ တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တချို့က လည်း ဖခင်ကြောင့်၊ ခင်ပွန်းကြောင့်ပါ ဝင်လာတာရှိကြပါတယ်။ ဒါပေမဲ့ အများစု အမျိုးသမီးတွေဟာ ကိုယ်ပိုင်အသိနဲ့ ပါဝင်လာကြတာ များမယ်လို့ထင်ပါတယ်။ ဥပမာ မြို့ပေါ်က ပါဝင်လာကြတဲ့ မျိုးသမီးများဟာ အသိအမြင် မြင့်မားပြီး တစုံတရာ အစမ်းသပ်ခံပြီးမှ ရောက်လာကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ရည်မှန်းချက်လည်း ကြီးကြပါတယ်။ ကျေးလက်က ပါဝင်လာကြတဲ့ အမျိုးသမီးများကတော့ ဘဝရဲ့ ဖိနှိပ်မှုဒဏ်ကို မခံနိုင်လို့ ရောက်လာကြတာလို့ မြင်ပါတယ်။ ဘယ်လိုပဲ ပါဝင်ပါဝင် အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်ကို ဝင်လာကြတာဟာ သိပ်ကောင်းတဲ့ ကိစ္စပါ။ အမျိုးသမီးများ နိုင်ငံရေးနယ်ထဲကို များများရောက်လာပြီး နိုင်ငံရေးတာဝန်များကို ထမ်းဆောင်နိုင်မှသာ အမျိုးသမီးများဘဝ လွတ်မြောက်ရေးအတွက် ပိုနီးကပ်လာမှာဖြစ်ပါတယ်။ အမျိုးသမီးများတင်မက အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး နိုင်ငံရေးနိုးကြားပြီး ပါဝင်လာနိုင်ရင် ပိုကောင်းတယ်လို့ ကျမခံယူပါတယ်။

”အမျိုးသမီးဘဝ လွတ်မြောက်ရေး” ဆိုတာ ပါတီရဲ့ဆောင်ပုဒ်လား၊ ပါတီထဲက အမျိုးသမီးအဖွဲ့ရဲ့ ဆောင်ပုဒ်လား။ ဘာကြောင့် ပါတီက အမျိုးသမီးဘဝ လွတ်မြောက်ရေးကို ဇောင်းပေးထားသလဲ။

အမျိုးသမီးများဘဝ လွတ်မြောက်ရေးဆိုတဲ့ ဆောင်ပုဒ်ကို ပြောနေရတာဟာ အမျိုးသမီးတွေ မလွတ်မြောက် သေးလို့ပါ။ ပါတီရဲ့ ဆောင်ပုဒ် မဟုတ်ပါဘူး။ ကြွေးကြော်သံပါ။ ပါတီထဲမှာ အဖွဲ့ဆိုတာ မရှိပါဘူး။ အမျိုးသမီးတွေဟာလည်း ဌာနအသီးသီးမှာ အမျိုးသားနဲ့ တန်းတူ တာဝန်တွေ ထမ်းဆောင်ကြရတာပါ။ တပ်စိပ်အနေနဲ့တော့ ဖွဲ့တာ ရှိပါတယ်။ ဒီတပ်စိပ်အနေနဲ့ တန်းတူ ပါဝင်တိုက်ခိုက်ရေးမှာ အမျိုးသားများနဲ့ တန်းတူ ပါဝင် တိုက်ခိုက်ကြတာပါဘဲ။ ဥပမာ လူထုစည်းရုံးရေး အဖွဲ့ပေါ့။ အမျိုးသား၊ အမျိုးသမီးအားလုံး ပါဝင်ကြတာပါပဲ။ ဒီအထဲမှာ တာဝန်ခွဲဝေမှုအရလည်း အမျိုးသမီးအချင်းချင်း ဆွေးနွေးရတာ ရှိရင်ရှိမယ်။ ဒါပေမဲ့ အဲဒါဟာ အမျိုးသမီးအဖွဲ့ မဟုတ်ပါဘူး။ ပါတီထဲ ခြေစုံပစ် ဝင်လာသူတွေထဲမှာတော့ အမျိုးသမီးအဖွဲဆိုတာ မရှိတော့ပါဘူး။ အမျိုးသမီးသမဂ္ဂတို့၊ အမျိုးသမီးအဖွဲ့တို့ဆိုတာ ကျေးလက်မှာ အထူးသဖြင့် ကျေးရွာတွေမှာ ပါတီက ဦးဆောင်ပြီး ဖွဲ့ပေးတာတော့ ရှိပါတယ်။ ဒါတွေကို ကျမတို့က တော်လှန်ရေးသမားတပိုင်းလို့ ခေါ်ကြပါတယ်။ ဘာလို့လဲဆို သူတို့က အချိန်ပြည့် တော်လှန်ရေးသမားတစ်ပိုင်းလို့ ခေါ်ကြတယ်။ ဘာလို့လဲဆို သူတို့က အချိန်ပြည့် တော်လှန်ရေးသမား မဟုတ်ကြလို့ပါ။ သူတို့ဟာ မိမိရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ကိုလည်း လုပ်ကြပါတယ်။

ဒါကြောင့် သမဂ္ဂအလုပ်၊ တနည်းအားဖြင့် အဖွဲ့အလုပ်ကို အချိန်ပိုင်းပဲ လုပ်ကြပါတယ်။ အဲ………. အမျိုးသမီး ဘဝလွတ်မြောက်ရေးကို ပြန်ကောက်ကြရအောင်။ အမျိုးသမီးဘဝ လွတ်မြောက်ရေးဟာ ကြွေးကြော်သံသာ ဖြစ်ပါတယ်။ တကယ်တော့ အဖိနှိပ်ခံ ပြည်သူလူထုဘဝ လွတ်မြောက်ရေးကို ဆိုလိုတာပါဘဲ။ အဖိနှိပ်ခံ ပြည်သူတရပ်လုံး မလွတ်မြောက်ပဲ အမျိုးသမီးဆိုတာ ကွက်ပြီး မလွတ်မြောက်နိုင်ပါ။ ဒါဆို ဘာလို့ အမျိုးသမီးဘဝ လွတ်မြောက်ရေးလို့ ကြွေးကြော်သံ တင်ရတာလဲလို့ မေးစရာ ရှိလာပါတယ်။ အဲဒီလို မေးလာရင် ကျမကတော့ ဒီလိုဖြေပါ့မယ်။ အမျိုးသမီးများဟာ ပိုပြီး ဖိနှိပ်ခံရလို့ပါလို့ ဖြေပါ့မယ်။ တော်လှန်တဲ့ အဖွဲ့တွေထဲ ရောက်နေကြတဲ့ အမျိုးသမီးများဟာ တစုံတရာ လွတ်မြောက်ကြပါတယ်။ လုံးဝ လွတ်လပ်မှု မရကြပါ။ ကျေးလက်နေ အမျိုးသမီးများ အထူးသဖြင့် တောင်တန်းဒေသတွေမှာ နေကြတဲ့ အမျိုးသမီးတွေ ဘယ်တော့ လွတ်မြောက်ကြသေးလို့လဲ။ သူတို့ခမျာမှာ အခုထိ ရောင်းစား ခံနေကြရတုန်းပဲ။

ကမ္ဘာ့အမျိုးသမီးတွေကို မကြည့်ပါနဲ့။ အမိမြန်မာပြည်မှာ ရှိတဲ့ အမျိုးသမီးတွေကိုဘဲ ပြန်ကြည့်ကြပါ။ လူတိုင်းသိကြတဲ့ ရှမ်းအမျိုးသမီးတွေ၊ ကရင်အမျိုးသမီးတွေ၊ ကချင်အမျိုးသမီးတွေ၊ စော်ကားခံနေကြရတဲ့ အကြောင်းတွေ ရင်နင့်စွာ ကြားနေကြရပါတယ်။ ဘယ်မှာ လွတ်လပ်ကြပါသလဲ။ သူတို့ခမျာမှာ ပြေးစရာတောင် မြေမရှိဘူး။ တောင်ပေါ်ရွာတွေမှာ စစ်အစိုးရတပ်တွေ ဝင်လာရင် ယောက်ျားတွေက ပြေးနိုင်ကြပေမယ့် အမျိုးသမီးတွေက မပြေးနိုင်ကြဘူးလေ။ ဒီအခါမှာ ဒီအမျိုးသမီးတွေဘဲ စော်ကားခံ လိုက်ကြရတာပဲ မဟုတ်လား။ မြို့ပေါ်နေ အမျိုးသမီးတွေကတော့ စက်ရုံအလုပ်ရုံတွေမှာ အမျိုးသားများနဲ့ တန်းတူ အလုပ်လုပ်ကြရတယ်။ တစုံတရာ ပြောပိုင်ခွင့်ရှိတယ်။ ဒါတောင် တချို့နေရာမှာ အမျိုးသားများနဲ့ အလုပ်တူပေမယ့် လခကျတော့ အမျိုးသမီးတွေကို လျော့ပေးနေကြတာ ရှိနေပါသေးတယ်။ ဆိုတော့ အနှစ်ချုပ် ပြောချင်တာက အမျိုးသမီးတွေဟာ မလွတ်မြောက်ကြသေးပါ။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြမယ်။ တချိန်တည်းမှာ အဖိနှိပ်ခံ ပြည်သူတရပ်လုံးတွက် တိုက်ပွဲဝင်ကြရဦးမယ်။ ဘာကြောင့်လဲဆိုတော့ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လွတ်မြောက်မှ အမျိုးသမီးတွေဘဝ ဆိုတာလဲ လွတ်မြောက်နိုင်မှာ ဖြစ်လို့ပါပဲ။

အဲဒါကြောင့် ဖိနှိပ်သူ လူတန်းစားဖြစ်တဲ့ စစ်အစိုးရကို တိုက်ကြမယ်။ ဒီဖိနှိပ်သူ လူတန်းစားကို တိုက်ပြီး ပြည်သူ့ဒီမိုကရေစီ ထူထောင်ပြီးမှ အမျိုးသမီးများဟာလည်း ဒီမိုကရေစီ နည်းလမ်းအရ မိမိတို့ရဲ့ အခွင့်အရေးများကို တောင်းဆိုကြရမှာ ဖြစ်ပါတယ်။ ဒီစစ်အစိုးရ အုပ်ချုပ်နေတဲ့ ကာလပတ်လုံး အဖိနှိပ်ခံ ပြည်သူတွေရဲ့ အခွင့်အရေး မရနိုင်။ အလားတူဘဲ အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေလည်း မရနိုင်ပါ။ ဒါကြောင့် ဒီအုပ်စိုးသူ လက်တဆုပ်စာ လူတန်းစားဖြစ်တဲ့ စစ်အုပ်စုကို အရင်တိုက်ကြရမှာ ဖြစ်ပါတယ်။

ဒီနေ့ ပြည်ပရောက် အမျိုးသမီးအဖွဲ့တွေရဲ့ လှုပ်ရှားမှုများအပေါ် အမြင်သဘောထားပြောပြပေး စေချင်ပါတယ်။

လက်ရှိ အမျိုးသမီးအဖွဲ့ အသီးသီးအနေနဲ့ လှုပ်ရှား တိုက်ပွဲ ဝင်နေကြတာကို ကြားရတွေ့ရတဲ့အတွက် အထူးလေးစား ဂုဏ်ယူမိပါတယ်။ ကျမတို့ အမျိုးသမီးများဟာ လင်ယူသားမွေးဘဝ၊ မီးဖိုချောင်ထဲ ယောင်းမကိုင်နေရတဲ့ ဘဝကနေ ရဲရဲတောက် တိုက်ပွဲဝင်လာကြတာဟာ ကျမတို့ အမျိုးသမီးတွေရဲ့ သတ္တိကို ပြလိုက်တာဘဲ။ ဒါကြောင့် ဒီအမျိုးသမီးများကို လေးလည်းလေးစားတယ်။ ဂုဏ်လည်းယူပါတယ်။ ကျမတို့ အမျိုးသမီးများဟာ လက်ရုံးရည်ရော နှလုံးရည်နဲ့ပါ တိုက်ပွဲဝင်နေကြတာကို ကြားသိရတဲ့အတွက် ဒီအမျိုးသမီးများကို အားပေးထောက်ခံပြီး လေးစားဂုဏ်ယူလို့ မဆုံးပါ။ ပြည်တွင်းမှာဆိုရင်လည်း မစုစုနွေးလို လယ်သူမလေးကတောင် သူရသတ္တိအပြည့် နဲ့ တိုက်ပွဲဝင်ခဲ့တာ၊ တိုက်ပွဲဝင်နေတာဟာ ကျမတို့ အမျိုးသမီးများအတွက် ဘယ်လောက် အတုယူစရာ ကောင်းသလဲဆိုတာ ပြောပြလိုပါတယ်။

အနာဂတ်မြန်မာပြည် အပြောင်းအလဲနဲ့ အမျိုးသမီးများရဲ့ အဆင့်အတန်းကို ဘယ်လိုမျှော်လင့်ထားသလဲ ဆိုတာ ရှင်းပြပေးပါ။ အခြားပြောချင်တာ များရှိရင်လည်း ပြောနိုင်ပါတယ်။

ဗမာပြည်ဟာ အလွန်ဆိုးဝါးတဲ့ အခြေအနေပါ။ ဒီအခြေအနေတွေကို ပြောင်းကို ပြောင်းပစ်ရမှာပါ။ မုချလည်း ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒီလို အပြောင်းအလဲလုပ်ရာမှာ လွယ်လွယ်နဲ့တော့ ရမှာမဟုတ်ပါ။ အရင်းအနှီးတွေတော့ ပေးကြရဦးမယ်လို့ ထင်ပါတယ်။ အနာဂတ်မှာ အမျိုးသမီးတွေရဲ့ နေရာဟာ ဘယ်မှာလဲဆိုတဲ့ ကိစ္စကို ကျမအနေနဲ့က ဒီလိုပြောလိုပါတယ်။ အမျိုးသမီးတွေ  ဘယ်လောက် ပါဝင် လှုပ်ရှားသလဲဆိုတဲ့ အပေါ်မူတည်ပါမယ်။ လူတစ်ဦးတစ်ယောက်ပဲ ဖြစ်ဖြစ်၊ အသင်းအဖွဲ့ပဲ ဖြစ်ဖြစ် သူတို့ရဲ့ လုပ်နိုင်မှုနဲ့ အခန်းကဏ္ဍကို မိမိတို့က သတ်မှတ်စရာ မလိုပါဘူး။ ပြည်သူက သတ်မှတ်ပေးပါလိမ့်မယ်။ ကျမ ထပ်ပြီး ပြောလိုတာက အဆင့်နေရာဆိုတာ မိမိက သတ်မှတ်ရတာ မဟုတ်ပါ။ အများက သတ်မှတ်တာပါ။ တကယ်လို့ မိမိက အဆင့်နေရာကို သတ်မှတ်ခဲ့ရင်လည်း ဒါဟာ ဆွဲခန့်တွေပဲဖြစ်ပြီး တရားမဝင်ပါ၊ ရေရှည်မခံပါ။ လူထုကလည်း အသိအမှတ်ပြုမှာ မဟုတ်ပါ။ ဒါကြောင့် နေရာကို အခုကတည်းက သတ်မှတ်လို့ မရပါ။ ဒီဆင့်နေရာနဲ့ ပတ်သက်ပြီး အနည်းငယ် ထပ်ပြော လိုတာက ပါတီ၊ အဖွဲ့၊ လူပုဂ္ဂိုလ်စတဲ့ အဆင့်မှာ နေကြရတာဟာ သူတို့ရဲ့ လုပ်ဆောင်မှုကြောင့် သူတို့နဲ့ ထိုက်တန်တဲ့နေရာကို လူထုက ပေးတာပါ။ ရှစ်လေးလုံးမှာ ကျောင်းသားခေါင်းဆောင်တွေ ပေါ်ထွက်လာတယ်။ သူတို့ဟာ ခေါင်းဆောင်နေရာကို ရလာတာပါ။ သူတို့ဘာမှမလုပ်ပဲ ဒီနေရာကို ရောက်လာတာ မဟုတ်ပါ။ သူတို့ရဲ့ အနစ်နာခံမှု၊ ကြိုးစားမှုတွေကြောင့် ဖြစ်လာတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် လူထုခေါင်းဆောင် ဖြစ်လာပါလဲ။ သူမဟာလည်းပဲ ကိုယ်ကျိုးမဖက် အနစ်နာခံပြီး အသက်ကိုတောင် မငဲ့ကွက်ဘဲ လုပ်ဆောင်ခဲ့တာကြောင့် အခုလို ပြည်သူတွေရဲ့ လေးစားမှု၊ ချစ်ခင်မြတ်နိုးမှုကို ရခဲ့တာပါ။ အလားတူ ဆန့်ကျင်ဘက်နည်းနဲ့ နေရာရလာတာကို ကြည့်ရအောင်။ နဝတပါ၊ ကိုယ့်ဟာကိုယ် အာဏာသိမ်းပြီး ဘယ်သူက ဘယ်နေရာနေ၊ ဘာလုပ် ဆွဲခန့်တာပါ၊ အမျိုးသားညီလာခံကိုလည်း ကိုယ့်ဟာကိုယ်ခေါ်၊ ကိုယ်စားလှယ်တွေလည်း ဆွဲခန့်ပြီးလုပ်နေတာ ဘယ်သူက အသိအမှတ်ပြုလို့လဲ။ ဘယ်သူက တလေးတစား ရှိပါသလဲ။ ဒါကြောင့် အဆင့်နေရာဆိုတာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လို့မရပါ။ မမြဲပါ။ မိမိတို့ရဲ့ လုပ်ရပ်အပေါ်မှာ ပြည်သူတွေက သတ်မှတ်ပေးလိမ့်မယ်လို့ ပြောလိုပါတယ်။ ကျမအနေနဲ့ ဆက်ပြောချင်တာက ကျမဘဝဖြတ်သန်းမှုပါ။ အထက်မှာလည်း ပြောခဲ့ရေးခဲ့ပါပြီ။ ကျမဟာ လွတ်လပ်စွာ တော်လှန်ရေး လုပ်လိုသူ တစ်ယောက် ဖြစ်ပေမယ့် အကြောင်းမျိုးမျိုးကြောင့် အိမ်ထောင်သည် ဖြစ်ခဲ့ရပါတယ်။

ဒါကြောင့် တစ်ဦးထဲ လွတ်လွတ်လပ်လပ် မဖြစ်ပေမယ့် ပါတီနဲ့ ပြည်သူကို အလုပ်အကျွေး ပြုမယ်ဆိုတဲ့ သန္နိဌာန်နဲ့ ပါတီလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ ကျမရဲ့ တကယ့်ဆန္ဒက တပ်ထဲလိုက်မယ် ဒါမှမဟုတ် လူထုစည်းရုံးရေးအဖွဲ့မှာ လိုက်မယ်ပေါ့။ ဒီရည်မှန်းချက် အထမမြောက်ခဲ့ပါ၊ ကလေးတွေ ရှိလာလို့ပါ။ ဒါကြောင့် တဆင့်လျှော့ပြီး စခန်းမှာ၊ ရုံးမှာပဲ ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။ ဗမာလက်နှိပ်စက် ရိုက်သင်ပြီး ရခိုင်ပြည်နယ် ပြည်နယ်ရုံးအဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ပြည်နယ်ရုံးအဖွဲ့မှာ ဘာသာပြန်အဖွဲ့၊ စာရိုက်အဖွဲ့ စတဲ့ အဖွဲ့လေးတွေ ဖွဲ့ပြီး လုပ်ဆောင်ကြပါတယ်။ ရခိုင်ပြည်နယ်မှာ စာစောင်စာတမ်းနဲ့ လိုအပ်တဲ့ စာရင်းဇယားများကို ပြည်နယ်ရုံးနဲ့ ခရိုင်ရုံးကသာ လုပ်ပေးနိုင်တာပါ။ တခြားမြို့နယ် တိုက်နယ်တွေက နယ်တကာ လှည့်နေရလို့ မလုပ်နိုင်ပါ။ ရန်သူနဲ့ နီးနီးကပ်ကပ် လှုပ်ရှားနေရလို့ အတည်တကျလည်း နေမရလို့ပါ။

ဒါကြောင့် ပြည်နယ်ရုံး ၊ ခရိုင်ရုံး လုပ်သားတွေဟာ အလုပ်များကြပါတယ်။ သဘောတရား စာစောင်တွေကလည်း နိုင်ငံခြားဘာသာနဲ့သာ များတာမို့ ပညာတတ် ရဲဘော်များက မပြတ်တမ်း ဘာသာပြန်ပြီး ရိုက်နှိပ် ထုတ်ဝေခဲ့ရပါတယ်။ ဘဏ္ဏငွေကောက်ခံဖို့ ပြေစာများလည်း တစ်နှစ်တစ်ခါ ရိုက်နှိပ်ရပါတယ်။ ကျမဟာ သားသမီးတွေ ထိန်းကျောင်းရင်း ရုံးလုပ်ငန်းတွေကို တတ်နိုင်သလောက် ပါဝင်လုပ်ကိုင်ခဲ့ပါတယ်။ တခါတလေ ရုံးအဖွဲ့ရှိတဲ့ နေရာကို မသွားနိုင်ရင် လက်နှိပ်စက်ကို မိမိနေတဲ့ နေရာကို ယူလာပြီး ရိုက်ပါတယ်။ ကလေးအငယ် အိပ်တဲ့အခါ အလုပ်လုပ်ပါတယ်။ အကြီးလေးတွေကိုတော့ မိမိအလုပ်လုပ်တဲ့ နံပါတ်ဘေးမှာ ဆော့ခိုင်းထားရပါတယ်။ ဘာကြောင့်လဲဆို ပြောက်ကျားဒေသဖြစ်တော့ ရန်သူအချိန်မရွေး ပေါ်လာနိုင်လို့ပါ။ ရန်သူပေါ်လာလို့ ကလေးတွေ အနားမရှိခဲ့ရင် ရှာချိန်မရပါ။ အလုပ် လုပ်ပြီးရင်လည်း လက်နှိပ်စက်၊ စာကူးစက် စတာတွေကို စခန်းထဲမှာ မထားပါ။ စခန်းဝန်းကျင်က တဲလေးတွေမှာ ထားရပါတယ်။

တကယ်လို့ စခန်းကို ရန်သူဝင်လာခဲ့ရင် ပစ္စည်းတွေ မဆုံးရှုံးရအောင် စီစဉ်တာပါ။ ရခိုင်ပြည်နယ်ဟာ ကိုယ့်ဒူးကိုယ်ချွန် လုပ်ရတာဖြစ်တော့ ပစ္စည်းတစ်ခုခု ဆုံးရှုံးခဲ့ရင် တစ်ခုပြန်ရဖို့ ခက်လှပါတယ်။ အရှေ့ မြောက်ပါတီ ဗဟိုရောက်တော့လည်း ဗဟိုရုံးအဖွဲ့မှာပဲ တာဝန်ကျခဲ့ပါတယ်။ “၈၅” ပါတီ ကွန်ယက်အပြီးမှာတော့ ရဲဘော်ကျော်မြက ဗဟိုဝါဒ ဖြန့်ချိရေး တာဝန် ယူရတော့ ကျမလည်း ဗဟိုဝါဒ ဖြန့်ချိရေးရုံးကို ပြောင်းပြီးတော့ တာဝန် ယူခဲ့ပါတယ်။ ၁၉၈၉ အထပေါ့။ ကျမ အမျိုးသား ရဲဘော်ကျော်မြရဲ့ တာဝန်တွေကတော့ ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်၊ ရခိုင်ပြည်နယ် ပထမအတွင်းရေးမှူး ဖြစ်ပါတယ်။ နောက် ဗမာပြည် ကွန်မြူနစ်ပါတီ ပေါလစ် ဗြူရိုအဖွဲ့ဝင် ဖြစ်လာတယ်။ အရှေ့မြောက်ပါတီ ဗဟို ရောက်လာပြီး ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေကတော့ ဗဟိုတပ်ပေါင်းစု တာဝန်ခံ၊ ဗဟိုစည်းရုံးရေးဌာန တာဝန်ခံ၊ ဗဟိုဝါဒ ဖြန့်ချိရေးတာဝန်ခံ စတာတွေ ဖြစ်ပါတယ်။

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. ဇိုရာဖန်းနှင့် ဆက်သွယ်မေးမြန်းခြင်း
  2. အမျိုးသမီးငယ်လေးတွေအနေနဲ့ သတ္တိရှိတဲ့ ခွပ်ဒေါင်းစိတ်ဓာတ်ရှိဖို့
    အရေးကြီးတယ်ဆိုတဲ့ မှိုင်းရာပြည့်မျိုးဆက် ဒေါ်လှမြိုင်နှင့်တွေ့ဆုံခြင်း
  3. ကရင်နီအမျိုးသားတိုးတက်ရေးပါတီမှ မော်ဦးမာနှင့်တွေ့ဆုံခြင်း
  4. ဒီပဲယင်းလူသတ်ပွဲအတွက် ဘယ်သူအရေးယူ ပေးမလဲဆိုတဲ့ ဒေါ်ညွှန့်ညွှန့်နှင့် တွေ့ဆုံခြင်း
  5. ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တွေ့ဆုံခြင်း
  6. အဓမ္မလုပ်အားပေးခိုင်းစေမှုတွေကို ရပ်တန်းကရပ်ပါဆိုတဲ့ ဒေါ်ပုစိန်နှင့် တွေ့ဆုံခြင်း
  7. HIV/AIDS ဝေဒနာသည်များရဲ့ ဂရုဏာရှင် စေတနာ့ဝန်ထမ်း မဖြူဖြူသင်းနှင့် တွေ့ဆုံခြင်း။
  8. အာဂမိခင် မအေးအေးလွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;