ဂျူးမတရားဘူး
မဗေဒါ
စာရေးဆရာမဂျူး ရေးသားသော စာများကို ဖတ်ဖူးခဲ့သည်မှာ သူမ စတင် ရေးသားစဉ်ကတည်းက ဖြစ်ပါသည်။ ဆရာမ၏ စာရေးဟန်များနှင့် အမျိုးသမီးများအပေါ် ဆရာမရပ်တည်သော အယူအဆများကြောင့်လည်း အခြားသော စာရေးဆရာများထက် ပိုဖတ် (ရွေးဖတ်) ဖြစ်ခဲ့သည်ဆိုလျှင် မမှားနိုင်ပေ။ ဤစာမူကို ကျမရေးရခြင်းသည် အမှန်တကယ် လိုအပ်သည်ဟု ယုံကြည်ပြီး ပုဂ္ဂိုလ်စွဲကင်းစွာ ရေးခြင်းဖြစ်ကြောင်း ပထမဦးစွာ ၀န်ခံချင်ပါသည်။ အဓိက ရေးရခြင်း ရည်ရွယ်ချက်မှာ အမျိုးသမီး တစ်ယောက်အနေဖြင့် အမျိုးသမီး အရေးကိစ္စများအတွက် အပြုသဘောဆောင် တင်ပြလိုခြင်း ဖြစ်ပါသည်။
၁၉၉၈ ခုနှစ်၊ အမှတ် (၈) သင့်ဘ၀ မဂ္ဂဇင်းပါ “ကျမတို့ အမျိုးသမီးတွေ ” အမည်ရှိ ဆရာမ၏ ဆောင်းပါးနှင့် ပတ်သက်၍ ကျမ၏ အမြင်နှင့် ဆရာမ၏ အမြင်များ အတော်လေး ကွာဟ (ကွဲပြား)နေပါသည်။ အမျိုးသမီးတစု၏ အပြုအမူပေါ် မူတည်ပြီး (Feminist) ဟု အများစွပ်စွဲတာကို ငြိမ်နေခဲ့သော ဆရာမသည် အမျိုးသမီးထုအပေါ် အမြင်များ တော်တော်လေး လွဲမှားနေခဲ့ပါသည်။ အသက် (၂၀) ကျော် အမျိုးသမီးလေးများ လမ်းဘေးကုတ်ခုံပေါ်မှ လှောင်ပြောင်ခြင်းသည် အကြောင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။ အကြောင်း အမျိုးမျိုးထဲမှ သူတို့လေးတွေ၏ ဘယ်လို စိတ်ရင်းအခြေခံအပေါ် မူတည်ပြီး ပြုလုပ်ကြသလဲဆိုတာ ဆရာမ ဆန်းစစ်ဖို့ လိုပါလိမ့်မည်။ အမျိုးသမီး အခွင့်အရေးကို သေချာစွာ မသိနိုင်သေးသော (မသိဟု ယူဆရသော) ထိုကလေးမလေးများ၏ အပြုအမူမှာ မှားခဲ့လျှင် (ဒါမှမဟုတ်) ကိုယ်က မကြိုက်ခဲ့လျှင်တောင် ပြည်သူထောက်ခံမှုကို ရနေသည့် စာရေးဆရာမ တစ်ယောက် အနေနဲ့ရော၊ “အခုကိစ္စမှာ ဘယ်လိုမှ မကျေနပ်နိုင်တာ မိမိရဲ့ အားနည်းချက်လား” ဆိုတဲ့ မေးခွန်းမျိုး ကြိုတင်စဉ်းစားနိုင်တဲ့ အမျိုးသမီး တစ်ယောက်အနေနဲ့ပါ ဒီအပြုအမူကို အမျိုးသမီးအခွင့်အရေး သဘောဆောင်ပြီး ရှုတ်ချ ပြစ်တင်မှုမျိုး မလုပ်(မရေး)သင့်ဟု မြင်ပါသည်။
ကျမ၏ ၀န်းကျင်တွင် ကြုံတွေ့နေရသော အဖြစ်အပျက်များထဲမှ အကြောင်းအရာလေး တစ်ခုကို ပြောပြချင်ပါသည်။ ကျမနေထိုင်သည့် နေရာမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေက ပိုများပါသည်။ အားလုံး သူ့အလုပ်နှင့်သူ ရှုပ်ကြတာချည်းမို့ တော်ရုံတန်ရုံ ကျောင်းအားရက် (အလုပ်အားရက်)တွေမှာ အပန်းဖြေချင်ကြလျှင် အပြင်ထွက် ရုပ်ရှင်ကြည့်ကြ၊ စတိတ်ရှိုးသွား၊ လက်ဘက်ရည်ဆိုင်ထိုင်၊ သူငယ်ချင်းအိမ်တွေမှာ ပျော်ကြ၊ ပါးကြတာ များပါသည်။ အိမ်အပြင် ထွက်လည်သော အုပ်စုထဲတွင် အမျိုးသမီးဦးရေက ပိုများပြီး၊ အမျိုးသားအချို့ကတော့ ၀ါသနာပါရာ အားကစားလုပ်ရင်း၊ ဂီတာတီး သီချင်းဆိုရင်း အပမ်းဖြေကြပါသည်။ ထိုအထဲတွင် ကျမနှင့် သူငယ်ချင်းအချို့ကတော့ အပြင်ထွက်ရင် ပိုက်ဆံအပို ကုန်လွန်း၍ မိမိတို့ဝါသနာပါသော သီချင်းဆိုခြင်းကို သူငယ်ချင်း ယောက်ျားလေးများနှင့် ၀ိုင်းဖွဲ့ ပြုလုပ်ကြပါသည်။
ဆိုတယ် ဆိုတာကလည်း ၀ါသနာကြောင့်သာ ဆိုကြတာဖြစ်ပြီး မည်သည့်သီချင်းမှ အစအဆုံးလည်းမရ၊ အသံကျပြန်တော့လည်း သူများတွေ အံ့သြလောက်အောင်ကို ပါရမီ ပြည့်စုံကြသူတွေ (ကျီးအာသံထက် မပိုတဲ့ အသံတွေ)နှင့် ကျမတို့ ဒီလို ၀ိုင်းဖွဲ့ ပျော်ရွှင်ကြခြင်းသည် တန်းတူရေး၊ တန်းညှိရေးဆိုသော အတွေးအခေါ်အပေါ်မှာ အခြေခံမှု လုံးဝမရှိကြတာ သေချာပါသည်။ တွေးပင် မတွေးမိခဲ့ကြပါ။ ဒါတောင်မှ အမျိုးသမီး အခွင့်အရေးဆိုသည့် စကားကို တီးခေါက်မိသူတွေ၊ နားခါးနေသော သူတွေက “ ဒါဘဲဖြစ်မှာပေါ့။ သူတို့ပြောပြောနေတဲ့ တန်းတူရေးဆိုတာ” ဆိုပြီး မေးငေါ့တာကို အနည်းနှင့်အများ ခံကြရပါသည်။ ကျမတို့လုပ်တာ အကြောင်းတစ်ခုဘဲရှိပြီး ကိုယ်လုပ်တာလုပ်ဖို့ ကျမတို့မှာလည်း လုပ်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားပါသည်။ ကျမတို့ ခံယူထားတာက ကိုယ့်မှာ သတ်မှတ်ထားသည့် စံနှင့် ကိုက်ညီရင်၊ မည်သူ့ကိုမှလည်း မထိခိုက်ဘူးဆိုရင်၊ လုပ်ဖို့ ၀န်မလေးခြင်း ဖြစ်ပြီး “မိန်းမမို့လို့ မလုပ်သင့်ဘူး၊ မလုပ်ရဘူး၊ မသင့်တော်ဘူး” ဟု အခြေခံ၍မစဉ်းစားပါ။
“လုပ်လို့ရတယ်၊ လုပ်လို့မရဘူး” ဆိုတာ လူတိုင်းအတွက် ချင့်ချိန်ရမည့် ကိစ္စသာ ဖြစ်ရမည်ဟု လက်ခံထားပါသည်။ ထိုသို့မဟုတ်ဘဲ ရှိပြီးသား လူတစ်ယောက်၏ အခွင့်အရေးကို ယောက်ျား၊ မိန်းမခွဲပြီး ပြောဆိုလျှင် ဒါဟာ (Gender based discrimination) ကို အလိုအလျှောက် ပြုမူပြီးသား ဖြစ်သွားပါသည်။ အမျိုးသမီးအရေးကို လုပ်ကြမည့် သူတွေအဖို့ ယခုလို လိင်အပေါ် အခြေခံပြီး ခွဲခြားမှုတွေ မပြုမိဖို့ ကျမတို့၏ အပြောအဆို၊ အမူအယာများသည် အလွန်တရာ အရေးပါနေပြီး ကျမတို့အားလုံး သတိထားကြရမည် ဖြစ်ပါသည်။ တကယ် ဖြစ်သင့်သည်မှာလည်း “မလုပ်သင့်တဲ့ အလုပ်” ဟု ယူဆထားသော ကိစ္စသည် “လူတိုင်းအတွက်သာ” ဖြစ်ရမည်ဟု ရင်ထဲအသည်းထဲမှာ စွဲမြဲ လက်ခံထားရန်ဖြစ်ပြီး၊ “အမျိုးသမီးမို့” ဆိုသည့် အတွေးပုံစံကို ပြောင်းလဲသင့်ကြောင်း ဆိုလိုခြင်း ဖြစ်ပါသည်။
ဆရာမက ရေးပြန်ပါသည်။ ယောက်ျားလေးတစ်ယောက် ပုံမှန်မဟုတ်ဘဲ ကနွဲ့ကလျ မိန်းမလို မိန်းမရ ဖြစ်နေရင် ပုံမှန်ယောက်ျားတွေကြားမှာ လှောင်ပြောင်ကြမှာဟု ဖြစ်ပါသည်။ “မိန်းမလို မိန်းမရ” ဆိုသည့်စကား (အသုံးအနှုန်း) သည်ပင်လျှင် အမျိုးသမီးတွေအပေါ် အတော်လေး စော်ကားထားတာဖြစ်ပြီး ယောက်ျားတစ်ယောက်၏ သူ့ပင်ကိုယ် သဘာဝ စိတ်အားသန်သလို နေထိုင်ဝတ်စားခြင်းအပေါ် အပြစ်တင်ခြင်းသည်လည်း မှန်ကန်သော အယူအဆ တစ်ရပ် မဟုတ်ပေ။ ယောက်ျားလေးတစ်ယောက် (သို့) မိန်းကလေး တစ်ယောက်သည် မိမိသဘောကျသလို ၀တ်စားဆင်ယင် နေထိုင်ခြင်းမှာ လှောင်ပြောင်စရာ မဟုတ်သလို၊ ရှုတ်ချ ပြစ်တင်စရာလည်း မဟုတ်ကြောင်း ကျမတို့ မြန်မာ့ အသိုင်းအ၀ိုင်းမှာ လက်ခံသင့်နေပါပြီ။ ဒီလို ၀တ်စားဆင်ယင်ရခြင်းသည် စာရိတ္တ ပျက်ပြားခြင်း မဟုတ်သဖြင့် သူ၏ ဂုဏ်သိက္ခာလည်း ထိခိုက်စရာ မလိုသလို၊ တိုတောင်းသော ပေတံတွေနှင့်လည်း မတိုင်းသင့်ပါ။ တစ်ဦးနှင့် တစ်ဦး အပြန်အလှန် လေးစားမှုရှိသော အရပ်ဒေသများမှာ လူတစ်ယောက်ဟာ ဘယ်လိုပုံစံနှင့် ၀တ်စားနေပါစေ။ သူ့အခွင့်အရေးကို နားလည်စွာဖြင့် ဝေဖန်မှု မပြုကြပေ။
ထိုင်းနိုင်ငံထဲတွင် (မြန်မာပြည်သားများ အခေါ်) “အခြောက်” များသည် လူစည်ကားသည့် နေရာများတွင် နေထိုင်သွားလာလျှက် ရှိနေပြီး ယခုကဲ့သို့ ၄င်းတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြခြင်းအပေါ် မည်သူကမျှ ဝေဖန် နှာခေါင်းရှုံ့နေသည်ကို မတွေ့ဖူးပါ။ အမျိုးသမီးငယ်တစ်စု၏ အပြုအမူအပေါ် လပေါင်းများစွာ ဦးနှောက်ခြောက်လာခဲ့သော ဆရာမသည် အမျိုးသမီးထု အပေါ်မှာလည်း စော်ကားမှုတစ်ခု ပြုထားပြန်ပါသည်။ အမျိုးသမီးတွေ ကိုယ့်ကိုကိုယ် မသနားစတမ်း ဝေဖန်ဆန်းစစ်ဖို့ လိုတယ်ဆိုတာ တကယ့်ကို မငြင်းနိုင်သော အချက်ဖြစ်ကြောင်း သဘောတူပါသည်။ သို့သော် အကျိုးအကြောင်း မပြပါဘဲနှင့် ကျမတို့ မိန်းကလေးတွေဘက်က အမျိုးသားတွေနဲ့ တန်းတူ အခွင့်အရေးယူဖို့ ဘယ်လောက်များ အရည်အချင်း ပြည့်စုံကြလို့လဲ ဆိုတဲ့ မေးခွန်းမျိုးသည် အမျိုးသမီးထုကို စိန်ခေါ်မှု ဖြစ်သွားပါသည်။ အမျိုးသမီးများ၏ ဘ၀တလျှောက်လုံး အမျိုးသားတွေ (ယောက်ျားတွေ) အတွက် အကောင်းဆုံး ကပြနေရတဲ့ အမျိုးသမီးများ၏ အရည်အချင်း အတိုင်းအတာဆိုသည်ကို ဆရာဝန်၊ စာရေးဆရာမ ဂျူးတစ်ယောက် ဘယ်လိုပေတံဖြင့် တိုင်းတာပါသလဲ။
နေ့စဉ်နဲ့အမျှ ကလေး တပြုံတမကြီးအတွက် (ငွေရှာထွက်နေတဲ့ လင်ယောက်ျားထက်) ပင်ပန်းကြီးစွာ ရှိသမျှ အစုတ်အပြဲ ထိုင်ချုပ်ရင်း၊ ကလေးတွေကို အသံကုန်ဟစ်ပြီး လူလိမ္မာတစ်ယောက် ဖြစ်လာဖို့ ဆုံးမနေရသော မိခင်တွေ၊ စီးပွားရေး ကြပ်တည်းလှသည့် ခေတ်ကြီးထဲ အရွယ်နှင့်မလိုက်၊ မမောနိုင် မပန်းနိုင်၊ ဘ၀မှာ မသေရုံတမယ် ထမင်းရှာစားဖို့ပင် အလုပ်တစ်ခုကနေ နှစ်ခုတိုးလုပ်ပြီး မိသားစုတာဝန် နှစ်ဆတိုး ယူနေရသော အမျိုးသမီးတွေ၊ နာရီပေါင်းများစွာ ယောက်ျားလေး တစ်ယောက်လို အလုပ်လုပ်သော်လည်း ညီမျှစွာ လုပ်အားခမရဘဲ ရုန်းကန်နေရတဲ့ အမျိုးသမီးတွေ၊ ရထားတဲ့ ဘွဲ့လက်မှတ် ထမီကြားထိုးပြီး နေပူထဲ အလုပ်ကြမ်းလုပ်နေရသူ ဘွဲ့ရ အမျိုးသမီးတွေ၊ မွေးကတည်းက တိုင်းပြည်ရဲ့ မြို့ကြီးပြကြီးတွေကိုတောင် မရောက်ဖူးဘဲ ခေတ်ပျက်လို့ အရဲစွန့်ပြီး တိုင်းတပါးမှာ ထမင်းရှာစားနေရတဲ့ အမျိုးသမီးတွေ၊ ဒီလို အမျိုးသမီးများ၏ အရည်အချင်းကို ဆရာမ ဘယ်လို သတ်မှတ်ပါသလဲ။ အရည်အချင်း ဆိုတာကို မြင်သာအောင်၊ တိုးတက်အောင်လုပ်ဖို့ ဘယ်လိုမှ အခွင့်အလမ်းမရဘဲ သူတို့၏ ဘ၀တစ်ခုချင်းစီကို ကြမ်းတမ်းစွာ ရိုက်ခတ်လျှက်ရှိသည့် နိုင်ငံရေး လှိုင်းကယက်တွေထဲက အမျိုးသမီးတွေကို ကျမတို့ ဘယ်လို အားပေးရမလဲ။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကိုယ်တတ်နိုင်တဲ့ ဘက်က ပါဝင်လာနိုင်ဖို့ ဘယ်လို ဆွဲခေါ်ကြမလဲဆိုတာကို ကျမတို့ ပိုပြီး မစဉ်းစားသင့်ပေဘူးလား။
အမှန်တော့ ကြီးကျယ်စွာ ပြောဆိုနေကြရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် အစချီသော လူ့အဆောက်အအုံကြီးကို ဒီလို လူတစ်ယောက်ချင်းစီ၏ ဘ၀အပိုင်းအစများဖြင့် တည်ဆောက်ထားကြရတာ မဟုတ်ပေဘူးလား။ ဒါကြောင့် တစ်ယောက်ချင်းစီ၏ တန်ဖိုးကို လွယ်ကူစွာ မဖြတ်သင့်ကြောင်း ကျမတို့ နားလည်ထားသင့်ပါသည်။ တကယ့်လက်တွေ့တွင် အမျိုးသမီးများ ဘယ်လိုအခက်အခဲတွေနှင့် ဘယ်လို ရုန်းကန်နေရသလဲဆိုသည်ကို သေသေချာချာ ဆန်းစစ်ရမည် ဖြစ်ပါသည်။ ဒီတော့မှ အရည်အချင်းဆိုတာ ဘာလဲဟု ဆုံးဖြတ်ရပါမည်။ ဆရာမ၏ နိုင်ငံအတွက် ပံ့ပိုးပေးနိုင်သော အရည်အချင်းနှင့် အခြားသော အမျိုးသမီးတွေ ပါဝင်နိုင်မှု အခန်းကဏ္ဍများသည် ကွာခြားကောင်း ကွာခြားနေပါလိမ့်မည်။ ထိုအတွက်တော့ ဆရာမက အတန်းပညာတတ် မာန်ပါသည့် မာနသံဖြင့် အမျိုးသမီးတွေကို စိန်ခေါ်စကား မပြောသင့်ဟု မြင်ပါသည်။ စေတနာပါသော ဂရုဏာသံဖြင့်သာ ကျမတို့ ဘ၀တလျှောက်လုံး ယောက်ျားတွေ ဖန်တီးသမျှ (ကြိုးဆွဲသမျှ) ကလာနေခဲ့ရတဲ့ ဘ၀တွေက ရုန်းထွက်ပြီး လွတ်မြောက်နိုင်အောင် ပံ့ပိုးပေးရမှာပါ။
နောက်ပြီး တသက်လုံး နားလည်မှု လွဲခဲ့ကြတဲ့ အမျိုးသမီးဆိုတာ ပျော့ညံ့တယ်၊ မာယာများတယ်၊ အတင်းအဖျင်းပြောတယ်၊ သူတပါး၏ ဂရုစိုက်မှုကို လိုချင်တယ် စသည့် အတွေးအခေါ် ပျက်တွေကို ပြောင်းလဲယူရမည့် အချိန်ကို ရောက်နေပြီဆိုတာ ကျမတို့
သတိထားရမှာ ဖြစ်ပါသည်။ ဟိုတုန်းက ပြောလို့ ရနေခဲ့တာ ဖြစ်ပေမယ့် အခုခေတ်ကြီးထဲမှာ မရစေရတော့ဘူးဆိုတာ သတိပြုရပါမည်။ “သျှောင်နောက် ဆံထုံးပါစမြဲ၊ မခွဲဘူးကွဲ့ ချစ်သူရေ” ဆိုတဲ့ အခြေအနေမျိုးတွေ ကျမတို့ အမျိုးသမီးတွေမှာ တွယ်ကပ် စွဲမြဲ မနေရတော့အောင် ဖြစ်သင့်တဲ့ပြောင်းလဲမှုတွေ မှန်မှန်ကန်ကန်သာ ချပြခဲ့လိုက်ရင် ကျမတို့ အမျိုးသမီးတွေဟာ သူတို့ရဲ့ အစွမ်းအစတွေကို ပြနိုင်ကြမှာ အသေအချာဘဲ ဖြစ်ပါသည်။ အမျိုးသမီးနှင့် အမျိုးသားကြားတွင် သားဖွားမှု အလုပ်ကိစ္စကလွဲပြီး ကျန်သည့် အကြောင်းအရာများမှာ ပြုပြင်ပြောင်းလဲနိုင်သော (ဒါမှမဟုတ်) လူတွေ မပြောင်းလဲချင်သော ဖန်တီးလက်ခံနေလိုမှုသာ ဖြစ်တယ်ဆိုတာကို ကျမတို့ကိုယ်တိုင် သတိကြီးကြီး ထားကြရပါမည်။
နောက် ဆရာမ ဆွေးနွေးထားသည့် ကိုယ်ကာယ အလှမယ် အမျိုးသမီးများအပေါ် တန်ဖိုးထားမှု အဆင့်နှင့် ပတ်သက်ပြီး ပြောချင်ပါသေးသည်။ ဆရာမ၏ ထင်မြင်ချက်များ တဘက်စောင်းနင်း ဖြစ်လွန်းပါသည်။ တကယ်တော့ သူတို့တွေ၏ ရည်ရွယ်ချက် အဆုံးသည် မင်းသမီးဆိုသည့်နေရာ ဟုတ်မဟုတ်ကို တစ်ယောက်ချင်းစီ၏ ရင်ထဲကို ၀င်ကြည့်၍ မရနိုင်ပါ။ “မယ်” လုပ်ပေမယ့်၊ မင်းသမီးလုပ်ပေမယ့် သူတို့လေးတွေ၏ ဘ၀ခံစားချက်၊ ရည်ရွယ်ချက်များသည် အဲဒီမှာ ဆုံးချင်မှဆုံးမှာပါ။ (ဒါကို အပြစ်တင်၊ အထင်သေးတဲ့ လေသံနဲ့ ဒီလိုမျိုးတွေက ဒါနဲ့ဘဲ ပြီးမှာပါလို့ မမြင်သင့်ပါဘူး) အကယ်၍ နိုင်ငံတော် ၀န်ကြီးချုပ်ဖြစ်ဖို့အထိ မှန်းထားတယ်ဆိုရင်ရော ဆရာမ ရီ(ရယ်)ဦးမလား မဆိုနိုင်ပါဘူး။ ရှေ့နေ၊ စာရေးဆရာ၊ ဆရာဝန်၊ သရုပ်ဆောင်တွေလည်း ရှိနေတာကို ဆရာမ သတိပြုသင့်ပါသည်။
ဘာဘဲပြောပြော ကျမ ဖြစ်စေချင်တာက ဆရာမဟာ အမှန်တကယ် (Feminist) လို့ ခံယူထားပြီဆိုရင် အမျိုးသမီးတွေ အင်အားရှိလာစေမယ့် စာတွေနဲ့ သူတို့တတွေ ရှေ့ကို ထွက်လာနိုင်အောင် သတ္တိ အားတွေ မွေးပေးရမှာပါ။ (Feminist)ကို သေသေချာချာ တိတိကျကျ အဓိပ္ပါယ်ပြည့် အဓိပ္ပါယ်ဖွင့်ဆိုလို့ မရသေးတဲ့အချိန်မှာ ကျမနားလည်သည့် အမျိုးသမီးရေး ၀ါဒဆိုတာ အမျိုးသမီးတွေအပေါ် အမျိုးသမီးတွေ ကိုယ်တိုင်က ဘယ်လောက်ထိ နားလည် (စိတ်ရှည်)သလဲ ဆိုတာပဲဖြစ်ပြီး တောက်လျှောက် ဖိနှိပ်ခွဲခြား ဆက်ဆံခံခဲ့ရတာတွေကို အမျိုးသမီးတွေက ဖွင့်ဟပြီး တူညီစွာ ပါဝင်နိုင်ခွင့် အခွင့်အလမ်းတွေ ရှိအောင် လုပ်ခြင်း ဖြစ်ပါသည်။
အတိုချုပ်ပြောရလျှင်တော့ အမျိုးသမီးငယ် တစ်စု၏ နောက်ပြောင်မှုကို အခြေခံပြီး ရေးလိုက်သော ဆရာမ၏ ခံစားမှုမှာ ကျမ ရှာဖွေတွေ့ရှိတာက စေတနာထက် မာနသံ၊ ဒေါသသံတွေ ပါနေပြီး အမျိုးသမီးတစ်ယောက်က အမျိုးသမီးတွေအပေါ် ချိုးနှိမ်နေသလို ဖြစ်နေပါသည်။ စာဖတ်ပြီးတော့လည်း ရင်မှာဟာပြီး ၀မ်းနည်းဒေါသသာ ကျန်ရစ်ခဲ့သည်ကို ရိုးသားစွာ ၀န်ခံလိုက်ရပါသည်။

ဆက်စပ်အကြောင်းအရာများ
TERMS AND CONDITIONS
We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
When using the comments areas, you agree to be bound by the following terms and conditions.
If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
Our rights
1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
Your obligations
5. You will not post any material in the comments areas:
(a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
(b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;