နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

ကျမနှင့် အလှ

ဆုံဆုံ
မိန်းကလေးတွေ အလှကြိုက်ရတာ ပတ်ဝန်းကျင်ကြောင့်လို့ မျက်စိစုံမှိတ်ပြီး စိတ်နာနာနဲ့ ကျမ စွပ်စွဲလိုက်ချင်ပါတော့တယ်။ ကိုယ့်ဘ၀နဲ့ကိုယ် ကျေနပ်တတ်ခဲ့သမျှ ခုတော့ သူတို့ပြောတဲ့အတိုင်း တစိမ့်စိမ့် စဉ်းစားကြည့်လိုက်ရင် ဒီရုပ်နဲ့ ဒီရည် လူဖြစ်လာရကောင်းလားဆိုပြီး တိုင်နဲ့ ခေါင်းနဲ့ ပြေးပြေးဆောင့်ချင်စိတ်ပေါက်မိပါတယ်။

ကျမပြောရင် ကျမပဲ လွန်ရာကျလိမ့်မယ်။ စဉ်းစားကြည့်နော်၊ ကျမဆိုတာ ပါးနီ မိတ်ကပ် နှုတ်ခမ်းနီ ဘာမှမပြင်ပဲ သဘာဝအလှကို မက်မက်မောမော တကယ်ရှိတဲ့သူ။ သူများတွေပြောတာ.. ဘာတဲ့ .. မိန်းကလေးတွေရဲ့အလှ မနက်အိမ်ယာထထချင်းမှာ တွေ့ရတယ်ဆိုတာ ကျမအတွက် ဘယ်လုံလောက်ပါ့မလဲ။ ကျမရဲ့သဘာဝအလှကို အိပ်ယာထထချင်းမကလို့ တနေကုန် နေ၀င်မိုးချုပ်တဲ့အထိ အမြဲ တွေ့နိုင်တယ်။

ဒါပေမဲ့ လူတွေက အပိုတွေပါ။ သဘာဝအလှ သဘာဝအလှလို့သာ ပြောပြောနေကြတာ။ မိတ်ကပ်ပြင်မှ သူတို့အမြင်မှာ ကြိုက်ကြ လှကြတဲ့သူတွေချည်းပဲ။ တနေ့ ရေမိုးချိုး ဖြီးလိမ်းပြင်ဆင်ပြီး ကျမ အပြင်ခဏထွက်လာတာ အသိအမျိုးသားတယောက်ရဲ့ အပြောကြောင့် အဖတ်ဆယ်လို့မရအောင် စိတ်ဓာတ်ဂျွမ်းပြန်ကျသွားတယ်။ "ဆောင်းတွင်းက အေးကအေးနဲ့ မိုးချုပ်တော့မယ်.. အခုထိ ရေမချိုးသေးဘူးလား"တဲ့။ တောက်.. မဆင်မခြင် ပြောရက်လိုက်လေခြင်းလို့ ကျမ ရုတ်တရက် ငိုချင်းချလိုက်ချင်တယ်။ သူ့လိုပြောမယ့်သူက အပုံအပင်ဆိုတော့ နှပ်ချေးတွဲလောင်း ငိုချင်းကုန်းရုန်းချလည်း ကျမကို သနားမယ့်သူမရှိတာမို့ အီလည်လည်နဲ့ပဲ "အယ် ဦးသိန်းဒင်ကလည်း ကျမ ခုပဲ ရေချိုးခဲ့တာလေ.. ဒုက္ခပါပဲ .. ဟင်း ဟင်း ဟင်း" လို့ တုံ့ပြန်ပေးလိုက်ပါတယ်။

သူဘာကြောင့် ကျမကို ဒီလိုမေးလဲဆိုတာ ပြောမနေတော့ပါဘူး။ ကျမက မိုးလင်း မိုးချုပ် မျက်နှာပြောင်နဲ့ နေတတ်သူပါ။ သနပ်ခါးမလိမ်းပဲ မိတ်ကပ်ဖုံနေတဲ့သူတွေကိုတော့ ဘယ်သူမှ ဘာမှမပြောကြဘူး။ သနပ်ခါးမလိမ်း၊ မိတ်ကပ်မတင် သဘာဝအတိုင်း ၀င်းခနဲ ထင်းခနဲ လှနေတဲ့ ကျမမျက်နှာကို သူတို့မို့ မညှာမတာ အဆီပြန်နေတယ်လို့ ပြောရက်တယ်။ ရေချိုးချိုး မချိုးချိုး မပြောင်းမလဲ ၀င်းပြန်နေတဲ့ကျမမျက်နှာကြောင့် အမြဲတမ်း ဒီလို အမေးခံနေရတာ အကြိမ်ပေါင်းလည်း မနည်းတော့ဘူး။ လူ့သဘာဝအရ ခန္ဓာကိုယ် ဟိုမုန်းစနစ်အရ အဆီပြန်ချင်တဲ့သူပြန်မယ် (ကျမအမြင်အရတော့ မျက်နှာဝင်းတာပေါ့)၊ ခြောက်ချင်ခြောက်မယ်။ ဒါ သဘာဝပဲလေ။ အဲဒါကို ဟိုမိတ်ကပ်က အဆီထိန်းတယ်၊ ဟိုလူးရှင်းက မျက်နှာခြောက်သက်သာတယ် ဆိုတာမျိုး အလှအတွက် ပွက်လောရိုက်နေတဲ့ လောကကြီးက သဘာဝအလှကို ကြိုက်တယ်လို့ ပြောပြောနေတာကို ကျမဟားတိုက်ရယ်ချင်တာ လွန်လားလို့ မေးလိုက်ချင်စမ်းတယ်။

အံမယ်။ လူတွေက မျက်နှာတကွက်ကိုပဲ ပြောတယ်ထင်လို့လား။ မဟုတ်ဘူး။ ခြေဆုံး ခေါင်းဆုံး မမောနိုင် မပမ်းနိုင် အလုပ်မရှိ ပြောနေနိုင်တာနော်။ ယောက်ျားဆိုရင်လည်း ခန့်ညားတဲ့ ယောက်ျားတယောက်ဖြစ်ဖို့ စံနှုန်းအတိုင်းပြောသလို မိန်းမဆိုရင်လည်း မိန်းမလှစံနှုန်းနဲ့တိုင်းပြီး တချိန်လုံး မခံမရပ်နိုင်အောင် ဝေဖန်တတ်ကြတာမျိုး။ သူတို့ စံနှုန်းနဲ့ ကွက်တိဝင်တဲ့ အမျိုးသမီးတွေကတော့ ချီးမွှမ်းထောပနာသံတွေကြားမှာ ပီတိတပြုံနဲ့ ပျော်မဆုံး မော်မဆုံးပေါ့။ ကျမလို ဆန့်ကျင်ဘက် တလမ်းသွားတွေကျတော့ လူပုံလည်မှာ ခေါင်းစိုက်၊ လူနောက်ကွယ်မှာ လျှာခင်ပါ ထွက်မတက် တောက်တခေါက်ခေါက်နဲ့ ရတက်မအေး စိတ်မချမ်းသာရတဲ့ဘ၀။

ခြေဆုံး ခေါင်းဆုံး ဝေဖန်တယ်ဆိုလို့ ပြောပြရဦးမယ်။ လူတွေဟာလေ တတ်လည်း တတ်နိုင်လွန်းတယ်။ အမျိုးသမီးအတော်များများဆို ဆံပင်တွေကို ကောက်လိုက် ဖြောင့်လိုက်၊ ခနနေ ဆေးဆိုးလိုက်၊ ဟိုက်လိုက်တင်လိုက်၊ အကြေဖွလိုက်။ အယ်.. အမျိုးသမီးတွေ အဲဒီလို လုပ်တာလည်း မပြောနဲ့။ ပုရိသ ယောက်ျားသား အတော်များများကလည်း ဘယ်လိုဆံပင်မျိုးနဲ့ ကောင်းမလေးက ဘယ်လို sexy ဖြစ်၊ ဘယ်လို ယဉ်ယဉ်လေးလှတာ ဆိုတာမျိုး အလှတကာ့ အလှဆုံးလေးတွေကို မူးမိန်းယိမ်းယိုင်ကြတာကိုး။ ယောက်ျားတွေ စိတ်ဝင်စားအောင် အမျိုးသမီးတွေက ပြင်တာလား.. အမျိုးသမီးတွေပြင်တာကိုပဲ ယောက်ျားတွေက စိတ်ဝင်စားကြတာလား.. ပြောရင် ဘဲဥအစရှာသလိုဖြစ်နေဦးမယ်ဆိုတော့ မပြောတော့ဘူး။ ဒါပေမဲ့ ဒီနေရာမှာ မကျေနပ်တာတခုကိုတော့ ပြောမှကိုဖြစ်မယ်။ ကျမဆံပင်လို ပြင်စရာမလိုပဲ နဂိုကောက်၊ နဂိုပွ၊ အဲ.. ပြောစရာဆိုလည်း ဆံသားအလုံးကြီးပြီး ကြမ်းတာပဲရှိတာ။. ဒါကလည်း ကြည့်တတ်ရင် အလှတမျိုးပါပဲ။ ဒီလို ကျမရဲ့ သဘာဝ ဆံကေသာအလှကိုကျတော့ ဖားလျားချထားရင် ခြေင်္သေ့ခေါင်းလိုပဲတဲ့။ ဆံပင်ညှပ်ဆိုင်သွားတိုင်းလည်း "အမလေး.. ဆံပင်က ကြမ်းလိုက်တာ" "သူ့ဆံပင်က တံမြက်စည်းရိုးလိုပဲ" "ဆံပင်သားမလှဘူး၊ နီကြောင်ကြောင်ကြီးနော်" တဲ့။ ပြောလိုက်တဲ့ ချီးမွှမ်းထောပနာသံများ မကြားချင်မှအဆုံး။ နောက်ဆို ကျမခမျာ ဆံပင်ညှပ်ဆိုင်ဆီတောင် မသွားရဲတော့တဲ့ အဖြစ်။

နောက်ရှိသေးတယ်။ မိန်းကလေးဆို ခြေတွေ လက်တွေ နူးညံ့လေသတည်းဆိုတာမျိုး သတ်မှတ်ချင်ကြတာ။ လူတိုင်းက တူပါ့မလား။ အမြဲနုရွနေရင်တော့ လက်က နုနေမှာပေါ့။ ဒေါင်ကျကျ ပြားကျကျ နေတဲ့သူတွေဆို လက်နု ခြေနုတွေ ရှိပါ့မလားဆိုတာ နည်းနည်း စဉ်းစားပေးဖို့ကောင်းတယ်။ ဒါပေမဲ့ လူတွေက မတရားဘူး။ အလှတရားဆိုတာကို ပုံသေ သတ်မှတ်ချင်ကြတယ်။ အနုပညာလက်တွေလို အရိုးအဆစ်ကောက်ပြီး ကဗျာဆန်တဲ့ ကျမ လက်ချောင်းတွေကိုမြင်ရင် ကျီးကန်းခြေထောက်ဆိုပြီး သရော်ကြတယ်။ ပြည့်ပြည့်ကားကားနဲ့ ချစ်စရာ ဖနောင့်တိုတဲ့ ကျမခြေထောက်ကိုလည်း မြင်တာနဲ့ ချဉ်ပေါင်ရွက်ဆိုပြီး နောက်ချင်ကြတယ်။

ဆိုတော့ ကျမဘာသာ ကျမအလှနဲ့ကျမ အဆင်ပြေနေတာကို အမြဲ ခလုတ်တိုက်ချင်ကြတယ်။ မလှောင်တဲ့သူတွေဆိုလည်း .. "မပြောကြပါနဲ့ဟယ်.. သူ့ခမျာ သနားပါတယ်" ဆိုတဲ့ အထာမျိုးနဲ့ ကြည့်ကြတော့ နေရင်းထိုင်ရင်း ကိုယ်က လောကမှာ သနားစရာ အကျည်းတန် ရုပ်ဆိုးဘ၀ ရောက်သွားပြီး ပြောတဲ့သူတွေကို "မပြောကြပါနဲ့တော့ ကျမ ၀မ်းနည်းလွန်းလို့ပါ၊ ကျမ သိပါပြီ၊ ကျမလက်ခံပါပြီ" ဆိုပြီး ခြေသလုံးဖက် ငိုယိုတောင်းပန်ရတော့မလိုလို။

အဖက်ဖက်က စဉ်းစားကြည့်လိုက်ရင် ကျမဘ၀က လူ့လောကအလယ်မှာ တဖက်မှ မျက်နှာကောင်းမရတဲ့ဘ၀ပါ။ သူတို့တွေပြောမှ ကျမ အဖေကိုပဲ အပြစ်တင်ရမလား၊ အမေ့ကိုပဲ စိတ်ဆိုးရမလား၊ ကိုယ့်ဘ၀ကိုယ်ပဲ ဒီဘ၀ ဒီမျှနဲ့ပဲဆိုပြီး လက်လျှော့ စိတ်လျှော့ပြီး တရားဘာဝနာပဲ အားကိုးရတော့မလားဆိုတာ ဝေဖန်သံတွေကြားမှာ အပြေးအလွှား အမြဲ စဉ်းစားမိတယ်။

ကျမ ဒီလိုပြောလို့ "ဒင်းက တော်တော်လှချင်တာပဲ" ဆိုပြီး ပြောချင် ပြောကြမယ်။ လောကမှာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် မလှချင်တဲ့သူ ဘယ်မှာရှိမလဲ။ လူတိုင်းက လူပုံအလယ်မှာ လူတကာပါးစပ်ဖျားက စုပ်တသပ်သပ် အလှတရား ချီးမွှမ်းစကားပြောသံပဲ ကြားချင်ကြတယ်။ လှတယ်ဆိုပြီး ချီးမွှမ်းစကား မကြားရရင်တောင် "ရုပ်ဆိုးလိုက်တာဟယ်" ဆိုတဲ့အသံကိုတော့ ဘယ်သူမှ မကြားချင်ကြဘူး။ တချို့က ပြောကြတယ်၊ အလှပြင်တာ သူများအမြင်မှာ လှဖို့မဟုတ်ဘူး၊ ကိုယ့်ဘာသာကိုယ် လှချင်လို့ဆိုပြီး။ ကျမကတော့ အဲဒီအဆိုမျိုးကို လုံးလုံး လက်မခံနိုင်။ ကိုယ်ကြည့်လို့လှရင် ပြီးတာပဲဆိုပြီး ဘယ်လောက်ပဲ ကြုံးဝါး ကြုံးဝါး အခု ကျမအပြောခံရသလို ထပ်ခါ ထပ်ခါ အပြောနဲ့တမျိုး၊ အကြည့်နဲ့တမျိုး လူကြားထဲမှာ အပြောခံရ၊ အကြည့်ခံရ၊ အစခံရ၊ အလှောင်ခံရပါများရင် ဘယ်သူကြာရှည် တင်းခံနိုင်မလဲ။ ဘယ်သူကြည်ကြည်ဖြူဖြူ လက်ခံနိုင်မလဲ။ ကျောက်ဆောင်ကျောက်တုံးတွေတောင် တိုက်ပါများရင် ရွေ့သေးတာပဲ။ ကျမတို့လို ပုထုဇဉ်လူသားတွေက ကိုယ့်ကို ရုပ်ဆိုးတယ်၊ မလှဘူး အပြောခံရတာများရင် ရင်မနာတဲ့သူ ဘယ်သူမှ ရှိမှာမဟုတ်ဘူး။

မိန်းမဆို လှရမယ်၊ ခန္ဓာကိုယ် အချိုးအစားပြေပြစ် နူးညံ့သိမ့်မွေ့ရမယ်လို့ သတ်မှတ်ထားတော့ မျက်နှာနူးညံ့စေမယ့် မိတ်ကပ်၊ ပေါင်းတင်နည်း၊ ဘာညာ သာလကာ လုပ်ကြတယ်။ ဆံပင်တွေ အမျိုးမျိုး ပုံစံသွင်း ပြင်ကြတယ်။ ဆေးဆိုးပန်းရိုက် မျက်နှာတွေဖြစ်အောင် ပြင်ကြတယ်။ အသားဖြူအောင်၊ အသားချောအောင် အသားလိမ်းဆီအမျိုးမျိုး ရှာကြံရွေးချယ် လိမ်းကြမယ်၊ ခြေသည်း လက်သည်း အရောင်းအသွေးစုံစုံ ပုံစံအမျိုးမျိုး အလှခြယ်ကြမယ်။ တကိုယ်ရည်သန့်ရှင်းဖို့ထက် လှပဖို့အရေး ဦးစားပေးလို့ အချိန်ကုန်ခံ၊ ငွေကုန်ခံ အလှရူး ရူးကြရတော့မှာပေါ့။ လူတွေက မပြင်တော့လည်း မခံစားနိုင်အောင် ဝေဖန်၊ ပြင်တော့လည်း မိန်းကလေးဆို အလှကြိုက်တယ်၊ ပြင်လွန်းတယ် ပြောတယ်။ ပြီးတော့ မိန်းကလေးသဘာဝ အလှကြိုက်တယ်ဆိုပြီး ပညတ်ချက်တွေ ထွင်ကြပြန်တယ်။ အလှဆိုတာ မိန်းကလေးတွေအတွက် မပြင်လည်းမကောင်း၊ ပြင်လည်းမကောင်း။ ဒါကြောင့် မိန်းကလေးတွေ အလှကြိုက်တယ်၊ အလှပြင်ကြတယ်ဆိုတာ ပတ်ဝန်းကျင်ကြောင့်ပဲလို့ ကျမပြောတာ ဆင်ခြေပေးရာတော့ မကျဘူးထင်ပါတယ်။

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. ဆယ်သုံးနှစ်သမီးရဲ့ ငရဲ
  2. ဓလေ့ထုံးစံများနှင့် ကျမ
  3. မောင်နိုင်တာ မယ်မရွက်နိုင်ပေမယ့်
  4. ပုံစံခွက်
  5. ဧရာဝတီအရေးနဲ့ မတွေးဝံ့စရာ ကျမတို့ဘ၀များ
  6. လက်ဖက်သုပ်ဝိုင်းက တပိုင်းတစ စကားများ
  7. ယနေ့ခေတ် မြန်မာ့အမျိုးသမီးများ
  8. အိုးများနှင့်ရင်းနှီးသော ကျနော်
  9. အစဉ်အလာကို အာခံသည့် ယောက်ျား
  10. အရိုးကွဲမှ အသဲစွဲသတဲ့လား
  11. အသက်အငယ်ဆုံး HIV/AIDS အရေး ဆောင်ရွက်သူ
  12. ချစ်သူများကို မျှဝေခြင်း
  13. ဧည့်ဝတ်ကျေပွန်မှုအတွက် ပေးဆပ်ရတဲ့ တန်ဖိုး
  14. အာခါလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ
  15. "ငါဟဲ့.. ယောက်ျား" မှ "ငါဟဲ့..မိန်းမ" သို့
  16. စစ်ပွဲရဲ့ ဒဏ်ချက်တွေ
  17. သင်္ကြန် ရင်ခုန်သံနှင့် ယဉ်ကျေးမှု ကန့်လန်ကာနောက်ကွယ်က ခေါင်းခဲစရာ
  18. ပြည်တွင်းက အမျိုးသမီးများကို ပစ်ပယ်မထားပါနဲ့
  19. ဘယ်သူ့ကြောင့်လဲဆိုတာ ဖြေပါ

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;