နောက်ဆုံးပြင်ဆင်ဖြည့်စွက်သည့်နေ့ - ၀၂ မေလ ၂၀၁၂
မူလစာမျက်နှာ|ချိုးလင်းပြာအကြောင်း|ဆက်သွယ်ရန်|BWU|

အမျိုးသမီးများ၏ အင်အားတစ်ရပ်

ဒေါ်အေးအေးခိုင်
အမျိုးသမီးများ တော်လာခြင်းသည် ကျမတို့ လူ့ဘောင်အတွက် ခွန်အားတစ်ရပ် ဖြစ်သည်ဟူသော အယူအဆ တစ်ရပ်ကို ကျမတို့ လူ့အသိုင်းအ၀ိုင်းတွင် ယုံယုံကြည်ကြည်နှင့် လက်ခံရမည့် သဘောတရား တစ်ခု ဖြစ်သည်။ အမျိုးသမီးများ ပြောနိုင် ဆိုနိုင်လာခြင်းသည် အမျိုးသားများ၏ အချိန်ပေးမှုနှင့် လေးစား တန်ဖိုးထားမှုများကြောင့် ဆိုသည်ကိုလည်း မေ့ထား၍ မရပေ။

အမျိုးသမီးများ နိုင်ငံရေး သို့တည်းမဟုတ် စီးပွားရေး၊ အမျိုးသမီးရေးဆိုင်ရာ လူ့အခွင့်အရေး၊ ကျန်းမာရေးဆိုင်ရာ အကြောင်းများကို စတင် ပြောလာနေခြင်းသည် အမျိုးသားများကို တိုက်ခိုက်ချင်၍လော။ သို့တည်းမဟုတ်  အနိုင် ယူချင်၍လော ဆိုသည်မှာ ဒီကနေ့ မေးစရာ မေးခွန်းတစ်ရပ် ဖြစ်လာနေသည်မှာ ၀မ်းနည်းစရာကောင်းသော အခြေအနေ တစ်ခုလည်း ဖြစ်သည်။ ကျမတို့ မြန်မာအမျိုးသမီးများသည် အခြားသော အနောက်နိုင်ငံနှင့် အချို့သော ဥရောပနိုင်ငံများမှ အမျိုးသမီးများနှင့်မတူ အမျိုးသမီးရေးဆိုင်ရာ စကားများကို ယနေ့မှ ခွန်းကြီးခွန်းငယ် ပြောလာနေကြသည်မှာ မေးခွန်း တစ်ခုလည်း တပြိုင်တည်းတွင် ဖြစ်ပေါ်လာနေပါသည်။ ဘာကြောင့် ကျမတို့ ပြောဆိုရန် နောက်ကျနေခဲ့ရသနည်း။

အကြောင်းများစွာ ရှိပါသည်။ ပထမအချက် အနေဖြင့် ကျမတို့နိုင်ငံသည် အမျိုးသားများ (Patriarchy ) ကြီးစိုးသော နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ဒုတိယအချက် အနေဖြင့် အခြားသော နိုင်ငံများမှ ကျယ်ပြန့်သော လူ့အခွင့်အရေးများကို လေ့လာရန် အခွင့်အလမ်း နည်းပါးသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။ တတိယအချက် အနေဖြင့်  အမျိုးသားများ ကြီးစိုးသော စစ်အာဏာရှင်နိုင်ငံ တစ်နိုင်ငံလည်း ဖြစ်သည်။

ပထမအချက် ဖြစ်သည့် အမျိုးသားများ ကြီးစိုးခြင်းသည် ကျမတို့ မြန်မာအသိုင်းအ၀န်း တစ်ခုထဲတွင် ဖြစ်နေခြင်း မဟုတ်ပေ။ တကမ္ဘာလုံးရှိ လူမှု အဖွဲ့အစည်းများတွင် ဖြစ်နေသော အခြေအနေဖြစ်သလို ကမ္ဘာ့ကုလသမဂ္ဂကြီးတွင်ပင် အမျိုးသား များစွာသည် နေရာယူခြင်းဖြင့် အမျိုးသမီးများမှာ ကြိုးစားရုန်းကန်၍ အမျိုးသမီးများ ပိုမို ပါဝင်လာနိုင်ရန် ကြိုးစားနေကြရပေသည်။

မြန်မာပြည်တွင်လည်း အမျိုးသားများသည် နေရာအဆင့်အတန်း ပေါင်းစုံတွင် နေရာယူထားကြပေသည်။ လူမှုအသိုင်းအ၀န်း ဖြစ်သော အဖွဲ့အစည်းများတွင် သော်လည်းကောင်း၊ ဘာသာရေးဆိုင်ရာ ကဏ္ဍများဖြစ်သော ဘုန်းရှိသော ဘုန်းကြီးဟူသော အဆင့်မှသည် ဘာသာရေးဆိုင်ရာ အဆင့်ဆင့်များတွင် လည်းကောင်း၊ သတင်းလောကများတွင် အမျိုးသား သတင်းသမားများမှသည် မီဒီယာ၏ အဆင့်တိုင်းတွင် သော်လည်းကောင်း၊ စာပေသင်ကြားရေးနှင့် စာပေပြုစုရာတွင် လည်းကောင်း အမျိုးသားများစွာက နေရာယူခြင်းဖြင့် အမျိုးသမီးတို့၏ ပါဝင်နိုင်မှု အဆင့်အတန်း နှေးကွေးနေပေသေးသည်။

အမျိုးသမီးများ၏ ပါဝင်နိုင်မှု အခြေအနေများကို မျက်ကွယ်ပြုထားသော အခြေအနေများ အောက်တွင် အမျိုးသားများ၏ အမြင်အတွေးများဖြင့်သာ အမျိုးသမီးများ၏ အခန်းကဏ္ဍများကို ရွေးချယ်နေကြပေသည်။ ဥပမာ တစ်ခုကို ပြရမည်ဆိုလျှင် အမျိုးသားများ ကြီးစိုးသော စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွင် ဆိုပါစို့၊ အမျိုးသမီးရေးကို နားလည်မှု အားနည်းနေသေးသည့် အချိန်တွင် အမျိုးသားများသည် အမျိုးသမီးများအတွက် သိမ်ငယ်စရာ၊ သို့မဟုတ် မှတ်ထင်သွားစရာ ဖြစ်သည့် (လောကနီတိ) တွင် ပါဝင်သော “အမျိုးသမီးဟူသည် တဏှာရာဂ ကြီးသည်”၊ “လျို့ဝှက် (မတိုင်ပင်)သင့်သော စကားကို မိန်းမများကို မပြောဆိုသင့်”၊ “မိန်းမတို့၏ အပြစ် ကိုးပါး” စသည် စသည်ဖြင့် အမျိုးသမီးများကို လူ့အသိုင်းအ၀ိုင်းထဲမှ ဘေးဖယ်ထားမှုများကို ခွင့်ပြုထားနေဆဲ အခြေအနေတွင် ရှိနေပေသေးသည်။ ၄င်းတို့မှာ အမျိုးသားများ ကြီးစိုးနေသော အခြေအနေကြောင့် အမျိုးသမီးတို့အပေါ် လွမ်းမိုးခံနေရသော အခြေအနေ ဖြစ်ပေသည်။

ဒုတိယအချက် အနေဖြင့် အခြားသော လူမှု အသိုင်းအ၀န်းများနှင့် ဆက်သွယ်မှု နည်းပါးခြင်းသည်လည်း မြန်မာလူမှု အသိုင်းအ၀န်းအတွက် အမျိုးသမီးရေးဆိုင်ရာ အသိဥာဏ်အားနည်းမှု ဖြစ်ရသလို အခြားသော အကြောင်းအရာများတွင် ထိုနည်းတူပင် ဖြစ်လေသည်။ မြန်မာနိုင်ငံတွင် အသိပညာ ဖွံ့ဖြိုးရေးနှင့် ဆိုင်သော စာအုပ်စာပေများကို ကျယ်ပြန့်စွာ လေ့လာဆည်းပူးခွင့် မရရှိကြပေ။

လူအများစုသည် မြန်မာနိုင်ငံမှ အစိုးရအကြိုက် ဆင်ဆာ ပြုလုပ်ထားသော စာပေများကိုသာ လေ့လာဆည်းပူးရသည်။ ယနေ့ နိုင်ငံတကာတွင် ပြောဆိုနေကြသော အကြောင်းအရာများကို ထဲထဲဝင်ဝင် ပြည်သူပြည်သားများ နားလည်နိုင်ရန်အတွက် ထုတ်ဝေဖြန့်ချိခြင်း မရှိသေးပေ။ အချို့သော မဂ္ဂဇင်းများဖြစ်သော နွယ်နီ၊ သင့်ဘ၀တို့တွင် ဘာသာပြန် သုတဆောင်းပါးများ ပါရှိသော်လည်း သူတို့အနေနှင့် ခွင့်မပြုသည့် အပိုင်းများ ပါရှိပါက ဆင်ဆာ (မထည့်ဘဲ) ပြုလုပ်နေကြပေသေးသည်။

အဓိကအားဖြင့် လူ့အခွင့်အရေး ဆိုင်ရာနှင့် ပတ်သက်သော ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာများကို ယနေ့ ပြောဆိုနေကြပေသည်။ ယင်းနှင့်ဆိုင်သော စာချုပ်စာတမ်းများသည်လည်း နိုင်ငံအစိုးရများမှ အားကောင်းလာအောင် ပြုလုပ်လာကြပေသည်။ ယင်းတွင် လူ့အခွင့်အရေးဟူသည် ဘာလဲ ဆိုသည်ကို မြန်မာနိုင်ငံတွင် သေချာစွာ နားလည်လာအောင် ပြုလုပ်ပေးမှု မရှိသေးပေ။

ထိုအခါတွင် လူ့အခွင့်အရေးကို ဘာမှန်းဆိုသည်ကို အချက်ကျကျ နားလည်အောင် မလုပ်ပေးနိုင်သေးသည့် အခြေအနေတွင် အမျိုးသမီး အခွင့်အရေး ဆိုသည်မှာ အလှမ်း ဝေးလှပေသေးသည့် အပြင် လူ့အခွင့်အရေးကိုပင် နားလည်မှုလွဲမှားအောင် ပြောဆိုရေးသားမှုများ ပြုလုပ်လာသည်။ သို့သော် လူတို့သည် သူတို့ဘ၀ အတွေ့အကြုံများ အရ မည်သည့် အခွင့်အရေးများ ချိုးဖောက်ခံနေရသည် ဆိုသည်ကိုတော့ နားလည်နေကြပေသည်။

စာချုပ်များနှင့် ပတ်သက်၍ မြန်မာအစိုးရသည် အမျိုးသမီးရေးရာနှင့် သက်ဆိုင် ပတ်သက်သော စာချုပ် (2) ခုစလုံးကို လက်မှတ်ရေးထိုး သဘောတူ ထားခဲ့သော်လည်း အမျိုးသမီးများ လေ့လာဖတ်ရှုနိုင်သည့် စာပေပုံစံဖြင့် ဖြန့်ဝေပေးခြင်းမျိုး မပြုပေးသည့်အပြင် ၄င်းစာချုပ်အကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂသို့ အမျိုးသမီးများ ခွဲခြားထားမှုများ ပပျောက်ရေး ဆိုင်ရာ သဘောတူညီချက်ကို သွားရောက်တင်ပြသည့် အမျိုးသမီး အတန်းပညာတတ် ပုဂ္ဂိုလ်ကြီးများသည်ပင် အချို့သော အကြောင်းအရာများကို ရေလည်စွာ လက်ခံသဘောပေါက် နားလည်အောင် မပြုလုပ်နိုင်သေးသည့် အပြင် အမျိုးသမီးများ အပေါ် ခွဲခြားဖိနှိပ်မှု ပြုထားဆဲ ရှေးရိုးအမြင်များ ကျန်ရှိနေပေသေးသည်ကို တွေ့မြင်ရပေသည်။

ယင်း အမျိုးသမီးကြီးများသည် ညံ့၍ မဟုတ်ပေ။ ၄င်းတို့အတွက် စာချုပ်ကို အကောင်အထည် ဖော်ရာတွင် ပိုမို အားကောင်းပြီး နားလည်လာနိုင်သည့် အမျိုးသမီးရေးရာနှင့် ဆိုင်သော အခြေအနေများကို မဖန်တီး ပေးနိုင်သေးသောကြောင့်ပင် ဖြစ်သည်။ ၄င်းသည် နိုင်ငံတကာဆိုင်ရာ၌ အမျိုးသမီးရေးရာများ မည်သို့ ဖော်ဆောင် လုပ်ကိုင်နေသည် ဆိုသည်ကို ယနေ့ကမ္ဘာကြီးနှင့် အမှီ မလိုက်နိုင်အောင် ဟန့်တားခြင်း ခံထားရသော အချက်တစ်ချက် ဖြစ်ပေသည်။

စစ်အစိုးရ ဖြစ်နေခြင်းကြောင့် အမျိုးသမီးများ ပိုမိုဟန့်တား ခံနေရခြင်းသည်လည်း အချက်တစ်ချက် အပါအ၀င် ဖြစ်သည်ဆိုသည်မှာ တစိတ်တဒေသ အထိသာ မှန်ကန်ပေသည်။ တစိတ်တဒေသဘဲ မှန်ကန်ရသည်ဆိုသည့် အကြောင်းအရင်းမှာ စစ်အစိုးရ အုပ်ချုပ်မှု မရှိသော်ငြားလည်း နိုင်ငံများစွာတို့တွင် အမျိုးသမီးရေးရာနှင့် ဆိုင်သော အခွင့်အရေးများမှာ ချိုးဖောက်ခံနေရဆဲ ဖြစ်သောကြောင့် ဖြစ်ပေသည်။ မည်သို့ပင်ဆိုစေ စစ်အစိုးရ ရှိနေသေးခြင်းသည် ကြီးမားသော အဟန့်အတားများကို ဖြစ်စေသည်ကတော့ အမှန်ပင်။

စစ်အစိုးရသည် ၄င်းတို့၏ အာဏာ တည်မြဲရေးအတွက်သာ အာရုံစိုက်နေရသည့် အချိန်တွင် ကျန်သည့် တိုင်းပြည်၏ အရေးနှင့် ဆိုင်သော အကြောင်းအရာများကို လုံးဝ လျှစ်လျှု ရှုနေခြင်းကြောင့် တိုးတက်မှုများ နှောင့်နှေးနေရသည်။ နဂိုကတည်းက အမျိုးသားများ ဖြစ်သည့်အတွက်ကြောင့် အမျိုးသမီးများကို အရေးကြီးသည်ဟု မခံယူထားခြင်း၊ ၄င်းတို့ထက် နိမ့်ကျသည်ဟု ခံယူထားခြင်းများသည် အမျိုးသမီးတို့၏ စွမ်းရည်ကို အသိအမှန်ပြုရန် တွန့်ဆုတ်နေကြခြင်းသည် ၄င်းတို့၏ ခေါင်းထဲတွင် စွဲနေသော ရုပ်ပုံလွှာများပင် ဖြစ်ပေသည်။ ၄င်းအစိုးရများ ကိုယ်တိုင်က အမျိုးသမီးရေးကို သေချာစွာနားလည်၍ တစ်နိုင်ငံလုံးအတွက် အမျိုးသမီးရေးရာ ပညာရေးလှုပ်ရှားမှုများ လုပ်ဆောင်မှသာ ပြောင်းလဲနိုင်သော အခြေအနေ ဖြစ်နိုင်ပေသည်။

ယနေ့ကျမတို့သည် အမျိုးသမီးရေးကို တောင်းဆိုနေသည့် အချိန်တွင် အဓိက မြေလှန်ပစ်ရမည့် စနစ်မှာ အမျိုးသားများ ကြီးစိုးသော (Patriarchy) စနစ်ကြောင့်ပင် ဖြစ်သည်။ အမျိုးသားများသည် ၄င်းတို့စိတ်တွင် ဖြစ်ပေါ်နေသော အခြေအနေများကို ပို၍ မြင်တတ်ရန် လိုသလို တွန်းလှန်လိုသည့် (ရဲသည့်) ဆန္ဒစိတ်ဓါတ်လည်း ရှိရမည်ဖြစ်သည်။

တခါ အမျိုးသမီးများ ဘက်တွင်လည်း အမျိုးသမီးများ တောင်းဆိုနေသော အကြောင်းအရာများကို မှန်မှန်ကန်ကန် ပြောဆိုတတ်ရန် လိုသည်။ မိမိကို အမျိုးသားတစ်ယောက်က တန်းတူရေး၊ အမျိုးသမီရေး ၀ါဒ ဆိုသည်ကို အဓိပ္ပါယ်လွဲမှားစွာ ပြောဆိုနေသည့် အချိန်တွင် မိမိတို့က အမျိုးသမီးရေးဆိုသည် အမျိုးသားများကို အနိုင်ယူရန်မဟုတ်၊ တိုက်ခိုက်ချင်၍ မဟုတ်၊ ယောက်ျားလေး တစ်ယောက်က မိန်းမအများကြီး ယူ၍ မိန်းကလေးကလည်း ယောက်ျားအများကြီး လိုက်ယူရန် ပြောဆိုနေခြင်း မဟုတ် ဆိုသည့် မိမိတို့၏ စံသတ်မှတ်ချက်များကို ပြောဆိုနိုင်ရန် လိုအပ်သည်။

အမျိုးသမီးများအား အမျိုးသမီးရေးအတွက် ဖေးမလုပ်ဆောင်နိုင်အောင် အင်အားများ ဖြည့်တင်းနေရချိန်တွင် အမျိုးသမီး အခွင့်အရေးများအား ပထမဦးစွာ အမျိုးသမီးများ ကိုယ်တိုင် မှန်ကန်စွာ နားလည်ရန် လိုအပ်ခြင်း၊ အမျိုးသားများကို နားလည်အောင် ရှင်းပြနိုင်ပြီး လက်တွဲ ခေါ်ဆောင်သွားနိုင်ခြင်း၊ ဒုတိယအချက် အနေဖြင့် အမျိုးသားများ ကိုယ်တိုင်က နှစ်ပေါင်း များစွာကတည်းက “ငါလုပ်မှ ဖြစ်မည်”၊ “ယောက်ျားတံခွန် လူရည်ချွန်” ဟူသည့် တဘက်သတ် ဆန္ဒစွဲများကို အမြစ်ဖြတ်၍ “အမျိုးသမီးအရေးသည် ငါတို့အရေး၊ ငါတို့ကူရမည်၊ နားလည်အောင် လုပ်ရမည် သူများတွေထက် နောက်ကျနေသည်” ဟူ၍ မိမိတို့၏ သမီးနှင့် သားများကို ငယ်စဉ် ကလေးဘ၀ထဲမှ စ၍ သင်ကြားပေးခြင်း၊ ဇနီးမယားများကို အားပေးခြင်း၊ မိခင်ဖြစ်ပါကလည်း ဖေးမ လုပ်ဆောင်ပေးခြင်းဖြင့် အမျိုးသမီးရေးကို မိမိတို့ ကျင်လည်နေရသော အသိုင်းအ၀န်းမှသည် တစ်နိုင်ငံလုံးအတွက် ကြိုးစား လုပ်ဆောင်ကြရမည် ဖြစ်သည်။

အကယ်၍ ကျမတို့သည် ယခုအချိန်တွင်မှ အမျိုးသမီးတို့အတွက် နားလည်နိုင်သော ပတ်ဝန်းကျင်မျိုး၊ ဥပဒေအရ အာမခံချက်များ၊ ပြုပြင်ပြောင်းလဲမှုများ မဖန်တီးနိုင်ပါက အိမ်ထောင်ကျပြီးသား အမျိုးသမီး တစ်ယောက်၏ လင်ယောက်ျား ဖြစ်သူ သေဆုံးသွားပါက ပုံသေယူဆချက်များဖြင့် နေသားကျလာသော လူမှုအသိုင်းအ၀န်းတွင် သူမမှာ မပြီးဆုံးနိုင်သော ထင်မြင် ယူဆချက်များဖြင့် ဒုက္ခ ခံစားရမည်ဖြစ်ပြီး တရားဥပဒေ အရလည်း သင့်တင့် လျှောက်ပတ်သော ကာကွယ် စောင့်ရှောက်ပေးနိုင်မှု မရှိ ဆိုသည်ကို နားလည်ရမည် ဖြစ်သည်။

ထို့အပြင် အမျိုးသမီးရေးဟူ၍ ပြောဆိုနေသော အသက်အရွယ် ရောက်ပြီးသော လူတစ်စုအတွက် ရည်ရွယ် ပြုလုပ်နေခြင်း မဟုတ်ဘဲ မိမိတို့၏ သမီးငယ်များ၊ တူမများ၊ မသန်စွမ်းသူများ၊ ဦးနှောက် မပြည့်သူများနှင့် အခြား နည်းအမျိုးမျိုးဖြင့် ဒုက္ခ ရောက်နေကြသော မည်သည့် အမျိုးသမီးကို မဆို ကူညီရန်ဖြစ်ပြီး အမျိုးသမီး ဘ၀များအတွက် အာမခံချက်များ ရရန် ၀ိုင်းဝန်း ကြိုးပမ်းနေခြင်း ဖြစ်သည် ဆိုသည်ကို အထူး သဘောပေါက်ရန် လိုပေသည်။

တပြိုင်နက်တည်းမှာပင် အမျိုးသမီးများသည် နှစ်ပေါင်းများစွာ ဖိနှိပ်ခွဲခြား ခံနေရမှုများအား ပပျောက်အောင် ကြိုးစားနေကြခြင်း ဖြစ်ပြီး အမျိုးသားများအား အနိုင်ယူလိုခြင်း၊ အာခံခြင်း၊ ကလန်လိုခြင်း၊ ကလဲ့စားချေလိုခြင်းတို့ကြောင့် မဟုတ် ဆိုသည်ကိုလည်း ယုံကြည်စွာ လက်ခံပြီး အမျိုးသမီးများအပေါ် ထိုသို့ ကူညီပံ့ပိုးပေးမှုတွင် အမျိုးသားများ သည်လည်း  အင်အားတစ်ရပ်အဖြစ် အရေးပါနေသည် ဆိုသည်ကို တင်ပြလိုက်ရပေသည်။

( 2001 ခုနှစ်၊ ဇန်န၀ါရီလ    Volume (14) January)

Print     


 

ဆက်စပ်အကြောင်းအရာများ

  1. ရရှိပြီးဟုဆိုသော မြန်မာအမျိုးသမီး အခွင့်အရေး
  2. တော်လှန်ရေးကာလထဲမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ပါဝင်နေသလဲ
  3. စွယ်တော်ရိုင်းပင်ရိပ်က အင်နာစတာရှား
  4. ဥပဒေပြင်ပက စစ်ရာဇ၀တ်မှုများ
  5. တ၀က်မှန်အဖေ့စကား
  6. ကျမတို့ပြောနေတဲ့ တန်းတူညီမျှမှုဆိုတာ ဘာလဲ။ “ရှင်းရှင်းလင်းလင်း ပြောကြရအောင်”
  7. နှောင်းနောင်တ
  8. အမျိုးသမီးနှင့် ရဲစွမ်းသတ္တိ (သို့မဟုတ်) လောင်အုန်နှင့်တွေ့ဆုံခြင်း အပိုင်း(၂)
  9. “သမိုင်းတကွေ့မှမြန်မာဝံသာနုအမျိုးသမီးများ” ( ဒေါ်ဒေါ်စု - ကိုလိုနီခေတ်မြန်မာ့အမျိုးသမီးသမဂ္ဂ ဥက္ကဌ)
  10. အမျိုးသမီးနှင့် ရဲစွမ်းသတ္တိ (သို့မဟုတ်) လောင်အုန်နှင့်တွေ့ဆုံခြင်း အပိုင်း(၁)
  11. လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက
  12. တဦးချင်းဆိုင် နိုင်ငံရေး - ပင်မရည်ရွယ်ချက်
  13. လူထုခေါင်းဆောင်အား လက်တွေ့ကျကျ ၀န်းရံခြင်း
  14. အမျိုးသမီးနှင့် နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး
  15. ဒေါ်အောင်ဆန်းစုကြည် သို့မဟုတ် မြန်မာ့လွတ်လပ်ရေးမဟေသီ

    1.  

      ထင်မြင်ချက်များ

      Name:(Required)

      Email:(Required)

      Comment:(Required)



      Web Site Terms & Conditions Are you agree ?

      TERMS AND CONDITIONS
      We (The Age & The Sydney Morning Herald) invite you to post comments in a number of areas of the website (comments areas). These include but are not limited to 'Your Say' and in the comments sections of blogs published on the website.
      When using the comments areas, you agree to be bound by the following terms and conditions.
      If you think that a comment that has been posted is offensive, unsuitable or has in some other way breached these terms and conditions, please email us at readerlink@smh.com.au with a link to the comment and your reasons for objecting to it. We'll consider whether there are grounds for editing or removing the comment and take appropriate action, but you won't necessarily be contacted as to our decision.
      Our rights
      1. We retain the right and discretion (but not the obligation) to edit, delete, reject or remove any comment which you post or seek to post in the comments areas.
      2. You grant us a non-exclusive, royalty-free, perpetual, worldwide licence to reproduce and deal with any material you submit to us by all means whatsoever (including, without limitation, in print and electronic format).
      3. We retain the right and discretion to terminate your access to the comments areas if we believe you are abusing the services in any way, or have breached these terms and conditions.
      Your obligations
      5. You will not post any material in the comments areas:
      (a) which is not original work in which you own the copyright, or which in any way violates or infringes (or could reasonably be expected to violate or infringe) the copyright, registered trademark or intellectual property rights of another person;
      (b) which is (or could reasonably be expected to be) obscene, offensive, pornographic, vulgar, profane, indecent or otherwise illegal;